လက်ဖဝါးချင်း အားပြုထူမစေခဲ့ခြင်းက စက္ကန့်ပိုင်းမျှသာကြာသည်။ ထိုအချိန်လေးအတွင်း အဝါနှင့်အညိုရောမျက်လုံးများက သူ့အခြေအနေကို အသေးစိတ် အကဲခတ်နေခဲ့ပြီး "slowly... slowly"ဟုလည်း တတွတ်တတွတ် ပြောနေသေးသည်။
မြဲမြံစွာ ရပ်နိုင်သွားပြီးတဲ့နောက် လက်ဖျံတစ်လျှောက် ဖောင်းကြွနေတဲ့ သွေးကြောစိမ်းတွေကို ဆက်မငေးဖြစ်တော့။ လူကိုမြင်တာနဲ့ ပေါ်လာတတ်တဲ့ ပါးခွက်မြှောင်းတွေက စတွေ့စဥ်ကအတိုင်း ပြောင်းလဲမသွားသော်လည်း အပြင်ဝတ်နဲ့ပုံစံကတော့ အမြင်အာရုံကို ဆန်းသစ်စေသည်။ ရှပ်အဖြူကို လက်တစ်ဝက်ခေါက်ဝတ်ထားပြီး သူ့အပေါ်မှာမှ လက်ပြတ်ဆွယ်တာအနက်တစ်ထပ်နှင့် ဝတ်စားပုံက ရိုးရိုးရှင်းရှင်းသာဖြစ်သော်လည်း ခြေတံရှည်တွေကို ပိုပေါ်လွင်သွားစေတဲ့ စတိုင်ပင်ဘောင်းဘီရှည်နဲ့ တွဲစပ်လိုက်တဲ့အခါ သတိပြုမိစရာဖြစ်သွားရသည်။ အညိုရောင်ဆံနွယ်တွေကတော့ တွေ့စကအတိုင်း ခပ်အုပ်အုပ်လေး ရှုပ်ထွေးနေသည်။
"လမ်းပေါ်ရောက်ပြီဆိုရင် ပတ်ဝန်းကျင်ကို အာရုံစိုက်ဦးမှပေါ့"
ဟမ်းဘားက ခွေးနက်ကြီးရဲ့လည်ပတ်ကြိုးကို
ကောက်ယူရင်း သူ့ထံဦးတည်ပြောလိုက်သော စကားဖြစ်သည်။ အစကတော့ လင်းနေညိုကိုယ်တိုင်လည်း စိတ်လွတ်သွားမိတဲ့ သူ့အမှားလို့သာ ထင်ခဲ့ပေမယ့် ဟမ်းဘားစကားကို ကြားလိုက်ချိန်မှာ ထိုအထင်တွေအားလုံး ပျောက်ကွယ်သွားခဲ့ပြီး Dr.Elmoကို ပြောဖို့ဟန်ပြင်နေတဲ့ ကျေးဇူးတင်စကားကိုပါ မပြောဖြစ်တော့...။"ခင်ဗျားလည်း ခွေးကျောင်းတော့မယ်ဆို လမ်းသွားလမ်းလာတွေကို ဒုက္ခမဖြစ်စေနဲ့လေ"
"ဟုတ်လား...ဒါဆို ကျုပ် မှားတယ်ဆိုတဲ့သဘောလား"
အာရုံနောက်စရာတွေကို ရှောင်ချင်လေလေ တည့်တည့်ဝင်တိုးလေဖြစ်နေတဲ့ အခြေအနေတစ်ခုကြောင့် လင်းနေညို ပိုခေါင်းရှုပ်လာရသည်။ အမှန်ဆို ကြိုးလွတ်သွားတဲ့အတွက် လန့်သလိုဖြစ်သွားရင် တောင်းပန်ပါတယ်လို့ ပြောလိုက်ရုံနဲ့ပြီးတဲ့ကိစ္စ...။ မျက်နှာချင်းဆိုင်စကားပြောဖြစ်တဲ့ ပထမဆုံးအကြိမ်မှာတင် မာထန်ထန်မျက်နှာထားနဲ့ တင်းမာနေတဲ့လေသံကြောင့် လင်းနေညိုလည်း အလျှော့မပေးချင်တော့....။ Dr.Elmoသည်လည်း သူတို့နှစ်ယောက်ကြားက ခပ်တင်းတင်းအနေအထားကို အံ့ဩသွားခဲ့ပုံရပြီး ဖျန်ဖြေပေးလိုတဲ့သဘောနဲ့ စကားစလိုက်သော်လည်း လင်းနေညိုရဲ့အသံက သူ့အသံကို အရင်ဖုံးလွှမ်းသွားသည်။
DU LIEST GERADE
LIFE (U/Z)
Romantik"Life is like a nightmare, But you can wake up at any time" Own Creation by Han_Me Cover photo from pinterest Credit to original owner