Part 4(Unicode)

272 20 2
                                    

ညှို့အားပြင်းမျက်လုံးတွေရဲ့ထောက်ကူမှုကြောင့်
အပြုံးဟာ ပိုတောက်ပနေသည်။ နဖူးမှာဝဲနေတဲ့ အညိုရောင်ဆံနွယ်တွေက ခပ်အုပ်အုပ်။ ရှုပ်ထွေးမနေခဲ့သော်လည်း သပ်သပ်ရပ်ရပ်ရှိသည်ဟုလည်း မဆိုနိုင်။ သို့ပေမယ့် အဝါနှင့်အညိုရောမျက်လုံးတွေနဲ့ မြင့်မားတဲ့အရပ် ပေါင်းစပ်လိုက်တဲ့အခါ ​ကြည့်ပျော်ရှူပျော် ဖြစ်တာထက်ပိုတဲ့ ခံ့ညားချောမောသော ရုပ်ရည်ပိုင်ရှင်မျိုး​ဖြစ်သည်ကို တွေ့ခဲ့ရသည်။ အပြာရင့်ရင့်ဝတ်စုံကြောင့် ပိုလင်းသွားတဲ့ အသားအရည်ကတော့ ဥရောပတိုက်သားတစ်ဦးမှာ မြင်တွေ့နေကျ ကောင်းမွန်ခြင်းမျိုးနှင့်။ 

အနားရောက်လာတော့မှ ရင်ဘတ်မှာတပ်ထားတဲ့ နာမည်ကတ်ကို လင်းနေညိုကြည့်လို့ရသည်။
"Dr.Elmo Pan" အယ်လ်မိုပန်...အယ်လ်မိုပန်...
စိတ်ထဲမှာပင် နှစ်ခေါက်သုံးခေါက်ရေရွတ်လိုက်ပြီးမှ အပြုံးတွေမလျှော့သေးသူက်ို ခပ်လျော့လျော့ ပြန်ပြုံးပြလိုက်သည်။ ကြောင်ငယ်လေးရဲ့ပထမဆုံးဆရာဝန် Dr.Scottက ငါးဆယ်ကျော်ခြောက်ဆယ်နီးနီးရှိပြီး ဒီဆရာဝန်ကတော့ လင်းနေညိုထက် ငယ်ဦးမည့်ပုံပင်။

"လှောင်အိမ်လေးပေးလို့ရ...."

"အာ...ဟုတ်ကဲ့ ဆောရီးပါဗျ ဆောရီးပါ"

ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာ ရှေ့ကပုဂ္ဂိုလ်ကိုအကဲခတ်ရင်း အတွေးများသွားခဲ့ရသည်မို့ သူ့ဆီလက်လှမ်းနေသည်ကို လင်းနေညို သတိမထားမိလိုက်။ လှောင်အိမ်ကမ်းပေးရင်း လှမ်းယူတဲ့လက်ကို ငုံ့ကြည့်မိချိန်မှာတော့ ပါးစပ်အဟောင်းသားပင် ဖြစ်သွားခဲ့ရသည်။
အဝေးကကြည့်နေတုန်းက ဘာပြစ်ချက်မှမရှိ ဖြူဥနေတဲ့ ကောင်းမွန်သောအသားအရည်မှာ ကုတ်ရာ၊ခြစ်ရာတွေ ပရပွ။ တချို့ဒဏ်ရာတွေဆို လတ်လတ်ဆတ်ဆတ် သွေးစို့တုန်းပင် ရှိနေသေးသည်။

Dr.Elmo Panက လှောင်အိမ်ကိုလက်လွှဲယူရင်း လင်းနေညိုမျက်နှာကိုလည်း သတိထားမိပုံရသည်။ လှောင်အိမ်ကို ခါးတစ်ဝက်ထိမြင့်တဲ့စားပွဲခုံပေါ် တင်လိုက်ပြီးတာနဲ့ လှောင်အိမ်ထဲရှိနေတဲ့ ကြောင်ငယ်လေးကို အပြင်ဘက်ကနေ လက်ညှိုးလေးဖြင့် ရင်းနှီးမှုယူရင်း ပြောလာတာက...."တိရစ္ဆာန်ဆေးကုဆရာဝန်ဆိုတော့လည်း ဒဏ်ရာတွေများတာပေါ့"တဲ့။ လင်းနေညို ဘာပြောရမှန်းမသိ ဖြစ်နေချိန်မှာ ထိုသူကပဲ ဆက်ပြောလာသည်။

LIFE (U/Z)Where stories live. Discover now