Part 22(Unicode)

200 23 5
                                    

လင်းနေညို သျှားဆီကအပြန်မှာ ရိုမန်အိမ်အိုကြီးရှေ့ ရပ်ထားတဲ့ ထရပ်ကားတစ်စီးကို လှမ်းမြင်လိုက်ရသည်။ လယ်သမားပုံစံဝတ်စားထားတဲ့ လူနှစ်ယောက်က ကားပေါ်ပါလာတဲ့ မြက်ထုံးတွေကိုသယ်လိုက်၊ အဖိုးလီယိုရဲ့ခြံထဲကို ယူသွင်းသွားလိုက်နှင့် အလုပ်ရှုပ်နေကြပြီး အဖိုးလီယိုကတော့ ထိုလူနှစ်ယောက် အလုပ်လုပ်နေတာကို သူထိုင်နေကျနေရာလေးကနေ ထိုင်ငေးနေလေ၏။

"အဖိုး...ဒါတွေက ဘာလုပ်မလို့လဲ"

"အော်...ကောင်လေးတောင်ပြန်လာပြီလား
ဘာလုပ်ဆိုတော့ ဂိုဂိုနဲ့ခိုခိုတို့အတွက် ဆောင်းတွင်းစာ ကြိုစုနေတာလေ။ အခုပဲ နိုဝင်ဘာဝင်တော့မယ်ဆိုတော့..."

"အာ...ဟုတ်သားပဲ။ သူတို့အတွက် အစာကြိုစုထားရဦးမှာ...ကျွန်တော်ရော
ဘာကူပေးရဦးမလဲ အဖိုး"

"ခဏလောက်အဖော်လုပ်ပေးရင်ပဲ ရပါပြီကွာ။
ဆောင်းဝင်လာရင် ဒီအဖိုးကြီးက တစ်ချိန်လုံး အပြင်ထွက်ထိုင်နေလို့ အဆင်မပြေတော့ဘူး။
အိမ်ထဲမှာပဲ နေရတော့မှာ..."

လေးလေးပင်ပင်ပြောနေပုံကိုကြည့်ပြီး
လင်းနေညိုလည်း စိတ်ထဲလေးသွားခဲ့သည်။
အဖိုးလီယိုနဲ့ စကားပြောချိန်တွေများလာလေလေ
သူလည်း ဒီအဖိုးကြီးပေါ်မှာ သံယောဇဥ်တွယ်လာခဲ့လေ ဖြစ်၏။ ခါတိုင်းလိုသာဆို ခေါင်းညိတ်ရုံလောက်နှင့် ပြီးသွားမှာဖြစ်သော်လည်း ဒီတစ်ခါတော့ သူ
အဖိုးလီယိုကို အဖော်ပြုပေးဖို့ဆုံးဖြတ်လိုက်သည်။

"ကျွန်တော်လာလည်မှာပေါ့ အဖိုးရ...
သျှားဆီသွားတဲ့မနက်တိုင်း ကျွန်တော်အဖိုးအိမ်ကို ဝင်လည်မယ်"

"တကယ်လား ကောင်လေး...သိပ်ကောင်းတာပဲ ဒါဆိုရင်တော့ နှင်းဆီပန်းတွေကို အရင်နှစ်တွေကအတိုင်း လုပ်လို့မဖြစ်တော့ဘူး"

ဝင်းပသွားသော အရေးအကြောင်းမျက်နှာနောက်ကွယ်မှာ သူနားမလည်သောစကားတစ်ခွန်း ကပ်ပါလာပြန်သည်။ နှင်းဆီတွေဆိုမှ...နှင်းဆီတွေကိုလည်း ဆောင်းတွင်းမှာ နှင်းကျတဲ့ဒဏ်က ကာကွယ်ဖို့လိုအပ်ကြောင်း သတိရလာသည်။

"အရင်နှစ်တွေကအတိုင်းဆိုတာက..."

"အရင်နှစ်တွေတုန်းက ဒီလိုအချိန်ဆို
နှင်းဆီတွေကို ကိုင်း​တွေဖြတ်ပစ်ပြီး အပင်ပတ်ပတ်လည်မှာ မြေဆွေးတွေ၊သစ်ရွက်ခြောက်တွေ ခပ်ထူထူပုံပြီးတော့ အပေါ်ကနေ မိုးကာဖျင်တွေနဲ့ အုပ်ထားရတာလေ။ ဒီနှစ်လည်း အဲ့လိုလုပ်မယ်ဆို အပွင့်တွေ အကုန်ဖြတ်ပစ်ရမှာပေါ့ ကောင်လေးရ။
ဒါဆို ကောင်လေးရဲ့သျှားအတွက် ပန်းတွေယူသွားလို့ ဘယ်ရတော့မလဲ"

LIFE (U/Z)Where stories live. Discover now