Part 25(Unicode)

138 19 0
                                    

တချို့သူများအတွက် မိတ်ဆွေဟောင်းများနှင့်
ပြန်လည်ဆုံ‌တွေ့ရချိန်တွေက ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ကောင်းနိုင်သလောက် လင်းနေညိုအတွက်ကတော့
ထိုကဲ့သို့မဟုတ်ခဲ့ပါချေ။ ရင်းနှီးနေသည့်မျက်နှာတစ်ခုကိုပြန်အတွေ့မှာ ပျော်ရွှင်၀မ်းသာရမည့်အစား ထိုသူပါ၀င်ပတ်သက်ခဲ့ဖူးသည့် နာကျင်စရာမှတ်ဉာဏ်များကိုသာ ပြန်သတိရကာ စိတ်ရောကိုယ်ပါ နွမ်းလျငြိမ်သက်သွားခဲ့ရသည်။ ဒါကြောင့်လည်း သူတို့နှစ်ယောက်ရဲ့ ပြန်လည်တွေ့ဆုံခြင်းမှာ စကားလုံးတွေ အများအပြားမပါ၀င်ခဲ့။ တစ်ယောက်နဲ့တစ်ယောက် အသိအမှတ်ပြုခေါင်းညိတ်ပြရုံလောက်နှင့် နှုတ်ဆက်ခြင်းတစ်ခု ပြီးမြောက်သွားခဲ့ရသည်။

Dr.Timmyကတော့ လင်းနေညိုကိုတွေ့တွေ့ချင်းမှာ လှိုက်လှိုက်လှဲလှဲပြုံးပြချင်ခဲ့ပုံရပါသည်။ သို့သော် လင်းနေညိုရဲ့ မှိုင်းညှို့ညှို့မျက်၀န်းတို့ကိုသာမြင်လိုက်ရပြီးနောက် သူသည်ပါ ထိုမှိုင်းညှို့မှုများထဲ ညှို့ယူခံလိုက်ရသည်။ သည်အချိန်ဟာ တစ်ယောက်နဲ့တစ်ယောက် ၀မ်းသာအားရနှုတ်ဆက်ဖို့ကောင်းသည့်အချိန်တစ်ခုမဟုတ်ကြောင်း ခပ်မြန်မြန်သတိပြုမိခဲ့ပြီး လင်းနေညိုညွှန်ပြသည့် လူထံသို့သာ ခပ်သွက်သွက်ရောက်သွားတော့သည်။ တစ်ကိုယ်လုံးကို စောင်ထူထူနှင့် လွှမ်းခြုံခံထားရသူကိုအမြင်မှာမူ Dr.Timmyတစ်ယောက် စကားမပြောဘဲမနေနိုင်တော့ပေ။

"‌ဒါ...Dr.Elmoမလား"

လင်းနေညိုက သူ့ခေါင်းကိုခပ်လေးလေးညိတ်ပြလိုက်သည်။ ဘယ်လိုသိတာလဲဟု သူပြန်မမေးခင်မှာတင် Dr.Timmyက ဆက်ပြောလာသည်။

"အိမ်ကခွေးမလေး ကလေးမွေးတော့ Dr.Elmoပဲမွေးပေးတာလေ။ တကယ်ကို စိတ်ရှည်သဘောကောင်းပြီး သူ့အလုပ်သူသေချာလုပ်တတ်တဲ့ဒေါက်တာပါဗျာ။ သူ့ကြည့်ရတာ အမြဲတက်တက်ကြွကြွဆို‌တော့ အခုလိုတွေ့လိုက်ရတာကို အံ့ဩလို့ပါ။ ပြီးတော့ ‌တွေ့တဲ့‌နေရာကလည်း လင်းနေတို့အိမ်ဖြစ်နေတယ်လေ။ အင်း... သွေးပေါင်ကျနေတယ်။ အဖျားရှိတယ်။ မေ့လဲတာက ဘယ်တုန်းကလဲ...ခင်ဗျားတို့မျက်စိရှေ့တင်လဲတာလား"

စမ်းသပ်ရင်းနဲ့ မေးခွန်းလှည့်‌မေးလာခြင်းဖြစ်သည်။ လင်းနေညိုပြန်မဖြေဘဲတွေနေတော့ ဟမ်းဘားက ကိုယ်စား၀င်ဖြေပေးလာသည်။

LIFE (U/Z)Where stories live. Discover now