Part 14(Unicode)

145 17 2
                                    

အနားရောက်ခါနီးလေ သက်ပြင်းတွေပိုရှိုက်မိလေ....‌။ ဆေးခန်းကနေ ဒီအထိစက်ဘီးနင်းလာခဲ့ခြင်းက သက်လုံကောင်းတဲ့သူ့အပေါ် ပင်ပန်းမှုတွေ မဖြစ်စေသော်လည်း တစ်စုံတစ်ယောက်ရဲ့ ပြောစကားတွေကတော့ သက်ပြင်းရှည်တွေ မကြာခဏရှိုက်ချမိစေသည်အထိ
သက်ရောက်မှုများဖြစ်စေခဲ့သည်။

ရိုမန်အိမ်အိုကြီးရှေ့ သူ့စက်ဘီးရပ်လိုက်သည်နှင့် အဖိုးလီယိုရဲ့ နှုတ်ဆက်စကားသံကိုပါ တစ်ဆက်တည်းကြားလိုက်ရသည်။ "ဒေါက်တာ နေကောင်းတယ်မလား"တဲ့။ သူသည်လည်း ထုံးစံအတိုင်း အပြုံးနှင့်တုံ့ပြန်ပြုရင်း တစ်ဖက်ခြမ်းမှာရှိနေတဲ့ ခြံတံခါးအနီနဲ့အိမ်ကလေးကိုလည်း လှမ်းကြည့်လိုက်သည်။ တစ်စုံတစ်ယောက်ကိုမြင်ရဖို့ မျှော်လင့်နေခဲ့တာ မဟုတ်သော်လည်း ထိုပတ်ဝန်းကျင်မှာ လူရိပ်လူခြေမမြင်ခဲ့ရတာက သူ့စိတ်ကို မသက်မသာဖြစ်စေသည်။

"ရှောင်ပေးပါ"ဆိုတဲ့စကားတစ်ခွန်းကြောင့် နှစ်ပတ်တိတိမလာဖြစ်ခဲ့တဲ့နေရာကို အခုတော့ ဂရုမစိုက်ဘဲရောက်လာဖြစ်ခဲ့ပြီ။ "သူတို့ချင်းထိပ်တိုက်တွေ့ဖြစ်ခဲ့ရင်ရော..."ဆိုတဲ့ မေးခွန်းတစ်ခုကိုတော့ ဒီမလာခင်မှာ သူ့ကိုယ်သူ တတွတ်တွတ်မေးဖြစ်ခဲ့သော်လည်း အဖြေထွက်ခဲ့ခြင်းမရှိ။ အကြောင်းမရှိအကြောင်းရှာပြီး စည်းတားခံလိုက်ရလေခြင်းရယ်လို့ စိတ်နာရမယ့်အစား အဲဒီနေ့က ထိုသူမျက်နှာပေါ်မှာ‌ မြင်လိုက်ရသည့် ဆွေးဆွေးမြေ့မြေ့ခံစားချက်တွေရဲ့အကြောင်းအရင်းကိုသာ ပိုသိချင်နေခဲ့ခြင်းဖြစ်သည်။ ထိုသူကိုမတွေ့နိုင်ကြောင်း သေချာသွားတော့မှ စက်ဘီးလက်ကိုင်မှာ ချိတ်လာတဲ့စက္ကူအိတ်တွေကို ဖြုတ်ယူလိုက်သည်။ ယူလာတဲ့ထဲက တစ်အိတ်ကို အဖိုးလီယိုလက်ထဲထည့်ပေးလိုက်တော့ "ဘာတွေလဲ"မေးသံကို ပြန်ကြားရ၏။

"အဖိုးဆီကယူသွားတဲ့သိုးမွှေးတွေလေ...အဖိုးအတွက် ဆွယ်တာရယ်၊ ခေါင်းစွပ်ရယ်၊ မာဖလာရယ်... ပြန်ရလာတယ်"

အဖိုးလီယိုက အိတ်ထဲကပစ္စည်းတွေကို တစ်ခုချင်းစီထုတ်ကြည့်ကာ သူ့ရှေ့မှာတင် ကိုယ်ပေါ်တင်လိုက်သည်။ အဖြူ‌ရောင်ကိုမှ အနက်ရောင်အနားကွတ်ထားတဲ့ သိုးမွှေးထည်တွေကို လက်ဖဝါးနဲ့ဖွဖွပွတ်ကြည့်ပြီး ကျေနပ်နေတဲ့ အဖိုးအိုကိုငေးရင်း သူကိုယ်တိုင်လည်း ဝမ်းသာနေမိသည်။ ပစ္စည်းတစ်ခုပေးပြီး ပစ္စည်းတစ်ခုပြန်ရလိုက်တဲ့အပေါ် ကျေးဇူးတင်စကားအထပ်ထပ်ဆိုနေခဲ့တဲ့အဖိုးအိုကြောင့် လက်ထဲမှာကျန်နေသေးတဲ့ အိတ်ကိုထပ်မပေးခင် အရှက်ပြေရယ်မိခဲ့သေး၏။

LIFE (U/Z)Tahanan ng mga kuwento. Tumuklas ngayon