Part 16(Unicode)

169 20 10
                                    

အိပ်မောကျနေတဲ့ ကြောင်နက်ကလေးကိုငေးရင်း သက်ပြင်းဖွဖွရှိုက်လိုက်မိသည်။ စိတ်ကိုလွှတ်ချလိုက်သည့် သက်ပြင်းတစ်ချက်ဟုပင် ဆိုရမည်ထင်ပါသည်။
သူ့ရှေ့မှာ ငြိမ်ငြိမ်သက်သက်ကလေးရှိနေတဲ့
သက်ရှိလေးရဲ့အသက်ရှူသံတွေကို နားစိုက်ထောင်ရင်းကနေ အညိုရောင်ဆိုဖာပေါ်က ကော်ဖီခွက်လေးတစ်ခွက်ကိုပါ ဆက်ငေးနေမိပြန်၏။

ကော်ဖီခွက်တစ်ခွက်မှာ ငေးကြည့်ချင်စရာ ထူးခြားအံ့ဖွယ်တွေ ဘယ်လောက်များများရှိနိုင်မည်နည်း။ အထူးသဖြင့် အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီရည်တွေမရှိတော့တဲ့ ကော်ဖီခွက်မျိုးဆိုလျှင်
ပို၍ပင် ငေးကြည့်ချင်စရာမရှိနိုင်။ သို့သော်လည်း လင်းနေညိုကတော့ သူ့ရှေ့တည့်တည့်မှာ ရှိနေတဲ့ ကော်ဖီခွက်လွတ်လေးကို အချိန်အတိုင်းအတာ တစ်ခုထိကြာအောင် ငြိမ်ငြိမ်ကလေးငေးနေခဲ့ကာ ထိုအချိန်လေးအတွင်း ရင်ထဲက စိမ့်ထွက်လာတဲ့ ခံစားချက်တွေကိုပါ သရုပ်ခွဲကြည့်နေခဲ့မိသည်။

ထိုကဲ့သို့ သရုပ်ခွဲကြည့်မိတဲ့အခါ
မြင်လာရတာတွေက အထီးကျန်နေသူတစ်ယောက်ရဲ့ ငတ်မွတ်ခြင်းများပင်​ဖြစ်၏။ သောက်ပြီးသား ကော်ဖီခွက်ကလေးတစ်ခွက်မှာပင် နွေးထွေးမှုတွေကို အလွယ်တကူရှာတွေ့နိုင်​ခဲ့ကာ တစ်စုံတစ်ယောက်နဲ့ ကော်ဖီအတူတူသောက်ရင်း စကားစမြည်ပြောလိုက်ရတဲ့ တဒင်္ဂလေးကပဲ သူ့တစ်နေ့တာလုံးကို ပြည့်စုံသွားစေခဲ့သလို ခံစားရစေခဲ့သည့် ထိုသို့သော ငတ်မွတ်ခြင်းတွေကို သတိပြုမိသွားချိန်မှာတော့ ခပ်ယဲ့ယဲ့ကလေး ပြုံးလိုက်မိသည်။ အခု သူ့လက်ထဲမှာ Dr.Elmoချန်ထားခဲ့တဲ့ စက္ကူအိတ်ကလေးတစ်အိတ် ရောက်နေခဲ့လေပြီ။

အဖြူခံပေါ်မှာ အနက်ရောင်စတုဂံကွက်တွေ ခပ်စိပ်စိပ်ပြန့်ကျဲနေတဲ့ မာဖလာလေးတစ်ထည်ကို ထိုစက္ကူအိတ်ထဲကနေ ထုတ်ယူခဲ့သည်။ မာဖလာလေးရဲ့ မူလဇာစ်မြစ်က အဖိုးလီယိုရဲ့သိုးကလေးတွေဖြစ်တဲ့ ဂိုဂိုနဲ့ခိုခိုတို့ရဲ့အမွှေးတွေဖြစ်ခဲ့တာမို့ မာဖလာလေးကို ကိုင်တွယ်လိုက်ရချိန်မှာ သာမန်မာဖလာတွေကို ကိုင်လိုက်ရသည့်ခံစားချက်မျိုးနှင့် မတူညီခဲ့။ သိုးမွှေးရိတ်စဥ်တုန်းက အနားမှာရှိနေပေးခဲ့ရုံတင် ဖြစ်ခဲ့သော်လည်း သူကိုယ်တိုင်ပါဝင်ခဲ့တဲ့ အချိန်တစ်ခုကနေ ပြောင်းလဲလာတဲ့ပစ္စည်းလေးတွေဆိုတဲ့အသိက မာဖလာလေးရဲ့နူးနူးညံ့ညံ့မျက်နှာပြင်နဲ့ သူ့လက်ဖျားတွေ ထိတွေ့မိသမျှနေရာတိုင်းမှာ ကြည်နူးပီတိစိတ်တွေ စီးဆင်းသွားစေခဲ့သည်။

LIFE (U/Z)Where stories live. Discover now