Part 11(Unicode)

127 16 0
                                    

မျက်နှာချင်းဆိုင်တွေ့ခဲ့ကြသည်သာများသည်မို့
Dr.Elmoအနောက်က ကပ်လိုက်ရတဲ့ ခံစားချက်မျိုးနှင့် လင်းနေညို မရင်းမနှီးဖြစ်နေသည်။ သို့သော် အဝါနှင့်အညိုရောမျက်ဝန်းတွေအစား ဘာအကြည့်မှ ရှိမနေတဲ့ ကျောပြင်ကျယ်ကိုသာမြင်နေရခြင်းက မျက်နှာချင်းဆိုင်ရှိနေချိန်တွေထက် သူ့ကို သက်တောင့်သက်သာ ပိုရှိစေသည်။ သို့သော် ရှေ့ကလူကတော့ လင်းနေညိုကို အချိန်ကြာကြာ သက်သာခွင့်မပေး။ သူ အနောက်က ပါလာသလား၊ မပါလာသလားကို သည်ခရီးလမ်းတိုတိုလေးအတွင်းမှာ အကြိမ်ပေါင်းမနည်း စစ်ဆေးကြည့်ခဲ့သည်။

နို့နှစ်ရောင်ထဲ အဝါထပ်ရောထားသလို
ဖြူဖြူစင်စင်လည်ပင်းသားနဲ့ အညိုရောင်ဆံနွယ်နုတို့ အထိအစပ်နေရာလေးကို ငေးလိုက်လာခဲ့တဲ့ သူ့မှာလည်း ထိုဆရာဝန်လှည့်ကြည့်လာမယ့် အရိပ်အယောင်ကို သတိထားလိုက်မိသည်နှင့် နောက်လှမ်းမည့် ခြေလှမ်းတွေကိုသာ အာရုံစိုက်ထားဟန် မျက်နှာလွှဲလွှဲလိုက်ရသည်မှာလည်း ခဏခဏ။

အကြည့်ချင်းမဆုံအောင် ရှောင်လိုက်နိုင်တဲ့ နောက်ဆက်တွဲအချိန်တိုင်းမှာလည်း အသက်ရှူမဝသလို ခံစားချက်မျိုး သူ့ရင်ထဲလှိုက်လှိုက်တက်လာခဲ့ကာ သူရောက်နေတဲ့နေရာကနေ လာရာလမ်းအတိုင်း ချက်ချင်းပြန်လှည့်ပြေးချင်စိတ်တွေ ဖြစ်လာရသည်။ သို့သော် ထိုကဲ့သို့လုပ်လိုက်ပါက တစ်ဖက်လူရဲ့အမြင်မှာ သူဟာ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်သူတစ်ယောက်အဖြစ် နောက်တစ်ကြိမ် ထပ်မံအရှက်ကွဲသွားလိမ့်မည်။ ဒီအခြေအနေမှာ အကောင်းဆုံးကတော့ Dr.Elmoရဲ့ လှုပ်ရှားမှုအတိုင်း ရေလိုက်ငါးလိုက် ဆက်နေလိုက်ခြင်းသာ။

"မျက်နှာမြင်ဖို့ခက်သူကြီးကို အပါခေါ်လာခဲ့ပြီအဖိုးရေ"

"တယ်ဟုတ်ပါလားဒေါက်တာ... ဒါဆို နှစ်ယောက်သား ရင်းနှီးသွားကြပြီပေါ့"

Dr.Elmoက ချက်ချင်းပြန်မဖြေ။ လင်းနေညိုကို လှည့်ကြည့်လာပြီးမှ "ကိုယ်တို့ရင်းနှီးသွားကြပြီလား Mr.Linn"ဟု ပြုံးစစ မေးလာသည်။ တကယ်တမ်း ရေလိုက်ငါးလိုက်နေဖို့အတွက်ကျ တစ်ဖက်လူဟာ လင်းနေညို ထင်ထားတာထက်ပိုပြီး ပေါ့ပါးလွန်းသူဖြစ်နေတော့ အလေးအနက်ထားတတ်တဲ့​ သူ့မှာသာ အောင့်သက်သက်နှင့် ခေါင်းညိတ်ပြလိုက်ရ၏။

LIFE (U/Z)Where stories live. Discover now