"ရိုဆယ်ကအဲ့လိုပဲ... အကုန်လုံးကိုလျှောက်နောက်နေတာ
ကိုယ်ဆိုရင် မျောက်ဖြစ်သွားလိုက်၊ သစ်ကုလားအုတ် ဖြစ်သွားလိုက်လေ။ ဒါနဲ့နေပါဦး...Mr.Linnငြိမ်သွားတာ ကိုယ့်ကို လမ်ဘိုနဲ့တူတယ်လို့များ တိတ်တိတ်လေး တွေးနေလို့လား""ဟာ...မတွေးပါဘူး"
"တကယ်မတွေးဘူးလား"
"မတွေးပါဘူးဆို...ဒေါက်တာမယုံရင်
ကျွန်တော်ကျိန်ပြလို့ရတယ်။ တကယ်မတွေးဘူး ဘုရား...""ဟိုး...ဟိုး....ကိုယ်ကစလိုက်တာပါ Mr.Linnရဲ့ တကယ်ကျိန်ပြဖို့မလိုပါဘူး။ လာ... ကြည့်စရာလည်း ကုန်ပြီဆိုတော့ ပြန်ထွက်ရအောင်"
သူကပဲ အတွေးတွေလေးနက်လွန်းနေခဲ့တာလားလို့ လင်းနေညိုတွေးလိုက်မိသည်။ Dr.Elmoကတော့ သူ့လိုမဟုတ်။ အထင်မှားစရာစကားတွေ ပြောပြီးနောက်မှာတောင်မှ ပေါ့ပါးစွာ စနောက်သွားနိုင်သေးသည်။ သူတို့အပြင်ကို
ပြန်ထွက်လာတော့ Dr.Elmoက လင်းနေညိုကို
အပြင်မှာပဲစောင့်နေခိုင်းခဲ့ကာ သူကတော့
ဆေးခန်းထဲ ပြေးဝင်သွားပြန်သည်။လူတစ်ယောက်မြင်တာနဲ့ ချက်ချင်း အနားဝိုင်းလာတတ်ကြတဲ့ ခွေးကလေးတွေအလယ် တစ်ယောက်တည်း ကျောက်ရုပ်ဖြစ်ကျန်ခဲ့ရချိန်က သိပ်တော့မကြာလိုက်။ Lifeရှိနေတဲ့လှောင်အိမ်ကိုပိုက်ပြီး လင်းနေညိုဆီ ခပ်သွက်သွက်ဦးတည်လာတဲ့ခြေလှမ်းတွေမှာ
နွေးထွေးတဲ့အပြုံးတွေ အပြည့်အသိပ်ခိုဝင်နေတာကို မြင်ခဲ့ရသည်။ လျစ်လျူရှုလိုက်ဖို့ပင် မစွမ်းသာတဲ့
ရိုးသားတဲ့ ထိုအပြုံးတွေကြောင့် လင်းနေညိုလည်း သူ့မျက်နှာကို တင်းမာမထားနိုင်တော့။ တစ်ဖက်က စနောက်လိုက်တဲ့စကားတွေကို သူ့ဘက်ကပဲ လျှောက်တွေးနေခဲ့တာဖြစ်မယ်လို့တွေးလိုက်တော့ စိတ်ကပြန်ပေါ့သွားသည်။"နောက်နေ့တွေ ဆေးခန်းမလာလည်းရတယ်။ ကိုယ်ပဲLifeဆီ လာခဲ့လိုက်မယ်"
"ဒေါက်တာတကူးတကဖြစ်နေမယ်ဆို..."
"မဖြစ်ဘူး...မဖြစ်ဘူးဆိုတာ
တခြားနေရာတွေပါ ဝင်ရဦးမှာမို့လေ"သူ့ရဲ့စကားကို အလျင်စလိုဖြတ်ပြောလိုက်သည့်အပြင် အကြောင်းပြချက်ပါ တစ်ခါတည်းပေးလာခဲ့သည်။ အကူအညီတောင်းစရာမလိုဘဲ ကူညီပေးချင်နေခဲ့သူကို ကျေးဇူးတင်စကားပြောတော့ ထုံးစံအတိုင်း "ကိုယ့်ကိုတွေ့တဲ့အချိန်တိုင်း ပြုံးပြပေးရင်ရပါပြီ"လို့ ပြန်ကြားရ၏။ ကျေးဇူးတင်စကားကို အပြုံးနှင့် လဲလှယ်ချင်နေခဲ့သူအတွက် နှုတ်ခမ်းလေး ကွေးပေးလိုက်ရတာက ခက်ခဲသည့်အရာတစ်ခုမဟုတ်ခဲ့ပေ။ သို့သော် ထိုကဲ့သို့ပြုမူရခြင်းထက် ပိုခက်ခဲတာကတော့ သူပြုံးလိုက်တဲ့အချိန် ဝိုင်းစက်ရွှန်းစိုသွားကြတဲ့
အဝါနှင့်အညိုရောမျက်ဝန်းတွေထဲက အငွေ့အသက်တွေကို အဓိပ္ပာယ်မဖော်မိအောင် ကြိုးစားခဲ့ရခြင်းပင်။
YOU ARE READING
LIFE (U/Z)
Romance"Life is like a nightmare, But you can wake up at any time" Own Creation by Han_Me Cover photo from pinterest Credit to original owner