Part 9(Unicode)

135 24 3
                                    

"ကောင်လေး....ပန်းလာယူဦးလေ"

နေ့စဥ်ကြားနေကျ အသံအိုကို
လျစ်လျူရှူထားချင်သော်လည်း လင်းနေညိုရဲ့ ခြေလှမ်းတွေကတော့ အိမ်နှစ်အိမ်အလယ်က အကွာအဝေးကို ဖြတ်ကျော်စပြုနေပြီ။

ဒီလိုနဲ့ သူ အဖိုးလီယိုခြံထဲက နှင်းဆီနီတွေကို
တစ်နေ့တစ်ပွင့် ယူလာခဲ့တာ ရက်ပေါင်းဘယ်လောက်တောင် ကြာမြင့်ခဲ့ပြီလဲ။

ပန်းကလေးတွေပေါတဲ့ အရပ်ဒေသမို့
သျှားဆီယူသွားမယ့် ပန်းကလေးတွေကို ဘယ်နေရာမှာဖြစ်ဖြစ် ရှာတွေ့နိုင်သော်လည်း သူရှာမတွေ့နိုင်တာက ဆုံးရှုံးခြင်းကို ကြုံတွေ့ဖူးထားပြီးသား လူတစ်ယောက်ရဲ့အပြုံးတွေ...။

အထူးသဖြင့် ဘဝနေဝင်ချိန်ကို
အထီးကျန်စွာ စောင့်မျှော်နေရသူတစ်ယောက်၊
တစ်နေ့တာရဲ့ ဖြစ်ပျက်သမျှကို ပြန်မျှဝေနိုင်မယ့် မိသားစုဝင်တစ်ယောက်မှ မရှိသူတစ်ယောက်၊ မျက်နှာမည်းသိုးလေးနှစ်ကောင်ကလွဲပြီး အဖော်ပြုစရာ မရှိသူတစ်ယောက်၊ လင်းနေညိုကိုယ်တိုင် မျက်မြင်ကြုံနေရတဲ့ဘဝမျိုးမှာ နေထိုင်နေသူတစ်ယောက်...
ဒီလိုလူတစ်ယောက်ဆီမှာ ပေါ့ပါးစွာ ဖြစ်တည်လာတဲ့ အပြုံးချိုတွေ ရှိနေနိုင်သေးတာကို သူ စိတ်ဝင်စားမိခြင်း ဖြစ်သည်။

သူသာဆိုရင်ရော ဒီလိုဘဝပုံစံ၊
ဒီလိုရှင်သန်မှုမျိုးမှာ အဖိုးလီယိုလိုမျိုး
ပေါ့ပေါ့ပါးပါး ရယ်မောပျော်ရွှင်နိုင်ပါ့မလား။
အတွေးနဲ့တင် ရှင်သန်လိုစိတ်ကင်းမဲ့သွားရတဲ့
တဒင်္ဂလေးမှာ သူ့အတွေးထဲ ထပ်ရောက်လာတာက သူတို့နှစ်ယောက်မှာ အသက်အရွယ်တွေမတူညီတာကလွဲရင် တခြားကွာခြားချက်ရော ရှိသေးလို့လားဆိုတဲ့ အတွေးတွေ...။

"ပြောချင်တာရှိရင် လွတ်လွတ်လပ်လပ်
ပြောလို့ရတယ်နော် ကောင်လေး..."

ပန်းယူပြီးတာတောင် အဲ့ဒီနေရာမှာ
ဆက်နေဖြစ်နေသေးတဲ့ လင်းနေညိုကို အဖိုးလီယိုက ပြောချင်တာပြောလို့ရအောင် စကားဖွင့်ပေးလာသည်။ လက်ထဲက နှင်းဆီပန်းကို အကြည့်မလွှဲဘဲ တွေဝေငေးနေတဲ့ လင်းနေညိုပုံစံက သာမန်နေ့တွေထက် စိတ်လွင့်နေသယောင်ရှိခဲ့ပြီး စက္ကန့်အနည်းငယ် ငြိမ်သက်နေပြီးနောက်မှာမှ အဖိုးလီယိုရဲ့စကားကို တုံ့ပြန်ခဲ့သည်။

LIFE (U/Z)Where stories live. Discover now