Part 19(Unicode)

170 17 5
                                    

စက်ဘီးကို အဖိုးလီယိုအိမ်ရှေ့မှာပဲ
ရပ်ထားပစ်ခဲ့သည်။ သူ့ရဲ့တည်ရှိမှုကြောင့် တစ်ဖက်လူအနှောင့်အယှက်မဖြစ်စေဖို့
အလာလမ်းတစ်လျှောက်လုံး အနောက်ကနေသာ တိတ်တဆိတ်ကပ်လိုက်ဖြစ်ခဲ့ပါသည်။ နှေးကွေးလေးလံနေတဲ့ ခြေလှမ်းတွေပေါ် သူ့ခြေရာတွေလိုက်ထပ်မိတော့ စာနာစိတ်တချို့ကြောင့် သူသည်ပါ ရင်မှာနွမ်းလျမိလျက်။ မနက်ခင်းတိုင်းကို ပျော်ရွှင်စွာဖြတ်သန်းသွားနိုင်တဲ့ တက်ကြွတဲ့ခြေလှမ်းတွေကို လူတိုင်းမပိုင်ဆိုင်နိုင်ကြောင်း သူရှေ့ကလူမှ သက်သေထင်ရှားပြနေခဲ့သည်။ နှင်းဆီပန်းလေးတစ်ပွင့်ကို ရင်ခွင်မှာပိုက်ထားတဲ့ ပုံရိပ်လေးတစ်ခုကပင် သူ့အဖို့ သနားဂရုဏာသက်ရန် လုံလောက်ပါ၏။

အချိန်တစ်ခုကြာလမ်းလျှောက်ပြီးသွားချိန်မှာ
သူ့ရှေ့ကလူရဲ့ခြေလှမ်းတွေ ပိုနှေးကွေးလာပြီး
နောက်ဆုံးမှာ လုံးဝရပ်တန့်သွားသည်။ အယ်လ်ပ်တောင်တန်းကြီးကို နောက်ခံထားသည့််
အစိမ်းရောင်လွင်ပြင်ကျယ်မှာ မြေပုံလေးတွေ
သူ့နေရာနဲ့သူ သီးသန့်တည်နေတာကိုမြင်လိုက်ရသည်။  နေရောင်ကောင်းကောင်းရပြီး အပြာရောင် ပန်းပွင့်ငယ်လေးတွေပြည့်နေသည့် မြေပုံတစ်ခုရှေ့ မတ်တပ်ရပ်လိုက်သူနည်းတူ သူလည်း ထိုသူအနီးမှာ ယှဥ်ရပ်လိုက်သည်။

ထိုပတ်ဝန်းကျင်လေးမှာ သဘာဝတရားကြီးကို အရပ်မျက်နှာအနှံ့မှ ခံစားနိုင်သည့် လွတ်လပ်ခြင်းတစ်ခု ရှိနေသည့်အပြင် ဆန့်ကျင်ဘက်ပိတ်လှောင်မှုများလည်း ရှိနေခဲ့လေသည်။ ဝေဟင်မှာ ပျံသန်းနေသည့် စွန်ကလေးရဲ့ ကြိုးစကို ငုတ်တိုင်တစ်ခုမှာ ချည်နှောင်ထားခဲ့သလိုမျိုး... အတိတ်တွေကို လက်မလွှတ်စတမ်းဆုပ်ကိုင်ထားတဲ့ ထိုသူ့ပစ္စုပ္ပန်ကလည်း ငုတ်တိုင်မှာ ချည်ခံထားရတဲ့ စွန်ကလေးလိုပဲ ဖြစ်နေလိမ့်မလား။

တချို့အချိန်တွေမှာလည်း မြင်နေရတဲ့ ဝမ်းနည်းပူဆွေးခြင်းတွေဟာ ထိုနေရာအရောက်မှာတော့ အရှိန်အဟုန်နဲ့ တိုးထွက်လာခဲ့ကြပြီး သူ့ဆီသို့ပါ အငွေ့အသက်များ ဟပ်လာစေသည်။ အဲဒီတစ်ချိန်တည်းမှာပဲ ထက်သျှားဆိုသည့်လူတစ်ယောက်အပေါ်မှာ အားကျစိတ်များလည်း ဖြစ်ပေါ်ခဲ့ရပါ၏။

LIFE (U/Z)Where stories live. Discover now