Part 8(Unicode)

210 20 0
                                    

"နှုတ်သီးစွပ်မသုံးလို့ ရရဲ့လား"

"ရတယ်ဘရို...ကျွန်တော့်ကောင်တွေက အဲ့လောက်ထိမလိုဘူး ​ဒေါက်တာ ဆေးထိုးကျွမ်းချက်နဲ့တော့ ကွက်တိပဲ"

ဂျွန်းက Beeရဲ့အမွှေးတွေကို
အထက်အောက်ပွတ်သပ်ရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေခဲ့ခြင်းဖြစ်သည်။ တစ်ဖက်ကို ငေးလိုက်တော့လည်း မြင်ရတဲ့မျက်နှာက ခပ်ပြုံးပြုံး...။ ဆေးပုလင်းပိစိလေးထဲက ဆေးရည်တွေကို ဆေးထိုးအပ်နဲ့ ကျွမ်းကျင်စွာစုပ်ယူနေတဲ့ လှုပ်ရှားမှုက အေးအေးဆေးဆေး ရှိတာထက်ပိုသည်။ ဆေးခန်းမှာတုန်းကလည်း မြင်ခဲ့ဖူးပေမယ့် အာရုံသိပ်များမနေတဲ့ အခုလိုအချိန်မျိုးမှာ လှုပ်ရှားမှုသေးသေးလေးတွေကအစ အသေးစိတ် အာရုံစိုက်မိပြီး ဆေးထိုးတာနဲ့ ဘော့ပင်အဖုံးချွတ်တာ နှစ်ခုယှဥ်လိုက်ရင် ဘော့ပင်အဖုံးချွတ်တာကမှ Dr.Elmoအတွက် ပိုခက်နေမလားလို့ပါ
လင်းနေညို တွေးလိုက်မိသည်။

Dr.Elmoက သူ အဲ့လိုမျိုးတွေးယူရတဲ့အထိ ကျွမ်းကျင်မှုတွေ လျှံထွက်နေတဲ့ပုဂ္ဂိုလ်...
တိရစ္ဆာန်လေးတွေနဲ့ ထိတွေ့ဆက်ဆံခြင်းမှာလည်း စေတနာနဲ့နူးညံ့ခြင်းတွေ ပြည့်လျှံနေခဲ့သေးသည်။ အမြဲတမ်းပြုံးနေနိုင်တာနဲ့ ရင်နှီးချင်ယောင်ဆောင်တတ်တာကို ကြည့်မရတာကလွဲရင် ပညာအရာမှာတော့ ခဏလေးသာ မျက်မြင်တွေ့ဖူးသေးသည့် သူအနေနဲ့ပင် အသိအမှတ်ပြုချီးကျူးရသည်။

"ကဲ...အဆင်သင့်ဖြစ်ရင်ပြော ဂျွန်း..."

နှစ်ယောက်သား မျက်လုံးချင်း
အချိတ်အဆက်လုပ်ပြီးတာနဲ့ ထွက်ပြေးဖို့ ဟန်ပြင်နေတဲ့ Beeကို ဂျွန်းက လက်နှစ်ဖက်စလုံးဖြင့် ဂုတ်ကနေ ခပ်တင်းတင်းဆုပ်ကိုင်ဖို့ ကြိုးစား​လေသည်။ ဆေးထိုးမခံချင်လို့ တအီအီအော်နေသံကိုကြားတော့ ခပ်လှမ်းလှမ်းမှာ ကြိုးချည်ခံထားရတဲ့ Butterflyကပါ ဂဏာမငြိမ်ဖြစ်လာကာ ထိုခဏတွင်းချင်းမှာပဲ ခွေးဟောင်သံတွေ ဆူညံသွားခဲ့ရပြီး ဆေးထိုးအပ် ကိုင်ထားသောလက်သည်လည်း ခပ်မြန်မြန် လှုပ်ရှားရတော့သည်။

ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာတင် ချက်ချင်းပြန်ရုတ်လာတဲ့ လက်တစ်ဖက်နဲ့အတူ "ဒါလေးများ..."ဆိုသည့် စကားသံနောက်က
ထွက်လာတဲ့ ရယ်သံသဲ့သဲ့က ဆေးထိုးခံရလို့ခံရမှန်းပင်
မသိလိုက်ရှာသော Beeထံသို့ ဦးတည်ပဲ့တင်သွားလေတော့သည်။ လက်ဖဝါးပြင်ကျယ်တစ်ခုရဲ့ ပွတ်သပ်မှုအောက် တအံ့တဩဖြစ်နေပုံရတဲ့ လုံးလုံးဝန်းဝန်း မျက်လုံးပြာတွေကလည်း ချစ်စရာကောင်းစွာ...။
Beeကို မြှူနေတဲ့ Dr.Elmoရဲ့ အဝါနဲ့အညိုရောမျက်ဝန်းတွေကလည်း နှစ်လိုဖွယ်ကောင်းစွာ...။ သူ တစ်ခဏတော့ဖြင့် ထိုမြင်ကွင်းကို ငြိမ်ငြိမ်သက်သက်လေး ငေးမောနေခဲ့မိသည်။

LIFE (U/Z)Where stories live. Discover now