Part 17(Unicode)

314 25 3
                                    

"ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေမှာ ဘာပြဿနာမှမရှိဘူး...Lifeတော်တော်လေး ကံကောင်းတယ်ပဲပြောရမယ်။ ခြေထောက်က ဒဏ်ရာကလည်း တစ်ပတ်လောက်နေရင် ကျက်သွားမှာ... Mr.Linn စိတ်ချထားလိုက်လို့ရပြီ"

ထိုစကားကြားလိုက်ရတော့မှပဲ လင်းနေညိုလည်း ဟင်းချနိုင်သွားတော့သည်။ Lifeက မနေ့ညကတည်းက လှုပ်ရှားခြင်းမရှိ၊ အစားလည်းမစားဘဲ လှဲပဲလှဲနေခဲ့တာမို့ ခန္ဓာကိုယ်အတွင်းပိုင်းမှာ ထိခိုက်မှုတစ်စုံတစ်ရာရှိနေခဲ့မှာကို စိုးရိမ်နေခဲ့ရခြင်းဖြစ်၏။

"တော်သေးတာပေါ့ ...မနေ့ညကတည်းကနေ
ဒီမလာခင်ထိ ကျွန်တော် သူ့ပါးစပ်နား ရေခွက်တိုးပေးတော့ သောက်ပေမယ့် အစာမစားလို့ စိတ်ပူသွားတာ..."

"လန့်သွားတာကြောင့်ပါ... အားဆေးထိုးပေးလိုက်မယ်လေ သိပ်မကြာခင် အစားပြန်စားလိမ့်မယ်"

ဒဏ်ရာကို စစ်ဆေးကြည့်ပြီးသည်နှင့် ဆေးထိုးဖို့ ပြင်ဆင်လေသည်။ Lifeကိုကူထိန်းပေးဖို့ ရိုစီမယ်ဝါတစ်ယောက် ရှေ့တိုးလာခဲ့သော်လည်း လင်းနေညိုက "ကျွန်​တော်တစ်ယောက်တည်း ရမယ်ထင်တယ်"ဟုပြောကာ Lifeရဲ့ခေါင်းကလေးကို စတင်ပွတ်သပ်ပေးလေတော့သည်။ Dr.Elmoဆီကနေ သူ့ရဲ့တိုးတက်မှုအခြေအနေအပေါ် ကျေနပ်အားရဟန်အပြုံးမျိုး ပြုံးလာတာ မြင်လိုက်ရသည့်အတွက် ယုံကြည်မှုတွေ တိုးလာခဲ့ရခြင်းလည်း ဖြစ်ပေလိမ့်မည်။

"ဒါဆိုစမယ်နော်"

သူ ခေါင်းညိတ်ပြလိုက်သည်။ လက်ဖဝါးနှစ်ဖက်နဲ့ ထိကိုင်ထားတဲ့ ပူပူနွေးနွေးခန္ဓာကိုယ်ကလေးသည်လည်း သူဖြစ်စေချင်တဲ့အတိုင်း ငြိမ်သက်နေပေးခဲ့သည်။ ဆေးထိုးအပ်ကိုင်ထားတဲ့ လက်တစ်ဖက်က သူ့အလုပ်သူ အချိန်တိုလေးအတွင်းမှာ ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်သွားခဲ့ကာ အရာအားလုံးအဆင်ပြေပြေ ပြီးမြောက်သွားပြီးနောက်မှာတော့ သူ့ကိုကြည့်ပြီး
"Mr.Linnအများကြီးတိုးတက်လာတယ်"ဟု ချီးမွမ်းထောပနာပြုလေတော့သည်။

အဝါနှင့်အညိုရော မျက်ဝန်းများမှာ
ပြုံးရိပ်သမ်းနေခဲ့သလို လင်းနေညိုရဲ့ နှုတ်ခမ်းထောင့်စွန်းတွေသည်လည်း အတားအဆီးမရှိ ကွေးတက်လာခဲ့ကြသည်။ ထိုအချိန်ကလေးအတွင်း ရိုစီမယ်ဝါရဲ့တည်ရှိမှုက သူတို့ပတ်ဝန်းကျင်မှာ ခေတ္တပျောက်ကွယ်သွားခဲ့သလိုပင်။ "အဟင်း..."ဆိုသည့်​ ချောင်းဟန့်သံကိုကြားလိုက်ရတော့မှ လင်းနေညိုရဲ့နှုတ်ခမ်းစွန်းတွေသည်လည်း
ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြတော့သည်။

LIFE (U/Z)Where stories live. Discover now