Part 5(Unicode)

222 20 4
                                    

"ကောင်လေး...လာ...လာ...နှင်းဆီတွေခူးသွားဦး..."

ခြံတံခါးပိတ်ပိတ်ချင်းကြားလိုက်ရတဲ့ ဟစ်​အော်သံကြောင့် အသံလာရာကိုလှမ်းကြည့်တော့ လက်တစ်ဖက်ကို မိုးပေါ်ထောင်ယမ်းပြနေတဲ့ အဖိုးလီယိုကို မြင်လိုက်ရသည်။သူ ခေါင်းခါမလိုလုပ်ပြီးမှ လမ်းကလေးရဲ့တစ်ဖက်ခြမ်းကို
ကူးသွားလိုက်သည်။ မြက်ခင်းစိမ်းတွေကို ဖြတ်နင်းလာချိန်အထိ အဖိုးလီယိုက လင်းနေညိုကို ခပ်ပြုံးပြုံးလေး ငေးကြည့်နေသည်။ Felicitàမှာ အိမ်တိုင်းလိိုလိုရဲ့ခြံတံခါးတွေ သော့ခတ်ထားခြင်း မရှိတဲ့အတွက် စေ့ရုံသာစေ့ထားတဲ့ အညိုရောင် သစ်သားတံခါးလေးကို သူ တွန်းဖွင့်ဝင်သွားလိုက်သည်။ မြက်ခင်းစိမ်းတွေ နေရာများများယူထားတဲ့ ခြံဝန်းကျယ်ကြီး ဖြစ်သည့်အလျောက် Valasisတွေဟာ သူတို့နဲ့ ခပ်လှမ်းလှမ်းမှာ မြက်စိမ်းနုကလေးတွေကို တမြုံ့မြုံ့ဝါးနေကြသည်။

"နှင်းဆီတွေက ဟိုးနောက်ဘက်မှာ ကောင်လေးရေ...
ဝင်သာသွားချည်... သဘောကျတဲ့ပန်းပွင့်တွေ့ရင် ကြိုက်သလောက်ယူလို့ရတယ်"

ပျူငှာလွန်းတဲ့အဖိုးအိုက လင်းနေညိုကို အိမ်အနောက်ဘက်ဆီ လက်ညှိုးညွှန်ပြလိုက်သည်။
နှင်းဆီတွေဆီရောက်ဖို့အတွက် ခြံရဲ့အလယ်မှာ နေရာယူထားတဲ့ ရိုမန်အိမ်အိုကြီးဘေးဘက်ကနေ ပတ်ဝင်သွားရပြီး ကျယ်ဝန်းတဲ့ခြံကြီးတစ်ခြံ ဖြစ်သည့်အလျောက် ခြေလှမ်းတွေ ပိုကြာနေသလို ခံစားရသည်။ အိမ်ရှင်ခွင့်ပြုလို့ ဝင်လာခဲ့ရခြင်း ဖြစ်သော်လည်း လင်းနေညိုခြေလှမ်းများကတော့ မြက်ခင်းစိမ်းတွေပေါ် ခပ်သွက်သွက်...။ နှင်းဆီတွေကို မတွေ့ရသေးခင်အထိ သူ့ရင်ထဲမှာ လှုပ်ခါ​နေတဲ့ အလျင်လိုမှုက နှင်းမှုန်တွေတင်ကျန်နေဆဲ တောင်တန်းတွေနဲ့  ကောင်းကင်ပြာကို နောက်ခံထား၍ အစွမ်းကုန် ဖူးပွင့်လှပနေတဲ့ နှင်းဆီပန်းနီလေးတွေကို မြင်လိုက်ရချိန်မှာ  ငြိမ်သက်အေးချမ်းသွားခဲ့ရသည်။ ပန်းကလေးတွေကို လက်ဖျားထိပ်လေးတွေနဲ့ ဖွဖွတို့ထိကြည့်နေမိချိန် တစ်လျှောက်လုံးမှာလည်း သူ့နှလုံးသားက သျှားကိုလွမ်းဆွတ်စိတ်ကြောင့် နူးညံ့ပျော့ပျောင်းနေသည်။

LIFE (U/Z)Where stories live. Discover now