Part 7(Unicode)

159 18 4
                                    

DREAM FLOWERS
Book Store

အိမ်ပုံစံသစ်သားဆိုင်းဘုတ်တစ်ခု
စိုက်ထူထားတဲ့ မျက်နှာပြင်ထက်က စာလုံးတွေကို အဝေးမှာကတည်းက ထင်ထင်ရှားရှား လှမ်းမြင်နေရသည်။ Dream Flowersဆိုသည့်နာမည်အတိုင်း စာအုပ်ဆိုင်တည်နေပုံက တောင်တန်းစိမ်းကြီး တစ်လုံးရှေ့တွင်ပင်ဖြစ်ကာ ဝရန်တာငယ်လေးတစ်ခု ပါဝင်သော ဥရောပစတိုင် နှစ်ထပ်အိမ်လေးက ကောင်းကင်ပြာနဲ့ တိမ်စိုင်တွေအောက် အိပ်မက်ဆန်စွာ ခပ်ဝပ်ဝပ်။ ထို့အပြင် နှစ်ထပ်အိမ်လေးရဲ့ နံရံတွေကစလို့ ဆိုင်းဘုတ်အဆုံးအထိ အရောင်စုံပန်းတွေ ဝန်းရံထားတဲ့ ဧရိယာလေးတစ်ခုဖြစ်သေးတာမို့ ထိုနေရာသို့ရောက်တိုင်း သူ့စိတ်မှာ ငြိမ်သက်အေးချမ်းမှုအပြည့် ခံစားရသည်။

ဒီမတိုင်ခင်က ခြေလှမ်းတွေလေးလံခဲ့သော်လည်း ခံစားချက်ဆွဲခေါ်ရာနောက် လိုက်ခဲ့မိတဲ့အခါ လေးလံနေတဲ့ ခြေလှမ်းတွေကပဲ အိပ်မက်ဆန်ဆန်နေရာလေးဆီ တစ်လှမ်းချင်း ရှေ့ဆက်ဖို့ ဖြစ်လာစေခဲ့သည်။ ယိုင်နဲ့စွာ စတင်ခဲ့တဲ့​ခြေလှမ်းတွေကပဲ သူ့ကို သျှားနဲ့ဖြတ်သန်းခဲ့ဖူးတဲ့ အမှတ်တရနေရာလေးတစ်ခုဆီ ပြန်လည် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ဆိုင်းဘုတ်ကို ဖြတ်ကျော်ပြီးနောက် သစ်သားတံခါးလေးတစ်ခုရှေ့ လင်းနေညို
ဆက်ရပ်နေမိသည်။ တံခါးတွန်းဖွင့်လိုက်တဲ့အခါ အရင်ကလိုပဲ ဆည်းလည်းသံလေးတွေ မြည်သွားမလား။ သူ့ရဲ့လှုပ်ရှားမှုက တခြားလူတွေကို အနှောင့်အယှက်များ ဖြစ်သွားစေမလား။ နှစ်ယောက်အတူလာခဲ့ဖူးတဲ့ နေရာလေးတစ်ခုဆီကို တစ်ယောက်တည်း ပြန်လာရတဲ့အခါ တခြားသူတွေရော သူ့လိုမျိုး တွန့်ဆုတ်ခြင်းတွေ ရှိခဲ့ကြသလား။ ဘယ်လောက်မှ မပင်ပန်းတဲ့ တံခါးဖွင့်တာလေးတစ်ခုကိုတောင် ဟိုဟိုဒီဒီ စဥ်းစားနေရတဲ့အထိ တွေဝေနေခဲ့ကြသလား။

အချိန်တစ်ခုထိကြာသွားချိန်မှာ လင်းနေညိုလည်း ဆက်ရပ်မနေဖြစ်တော့ဘဲ တံခါးကို တွန်းဖွင့်ဝင်လိုက်တော့သည်။ တံခါးအဟလေးရှိသွားချိန်မှစ၍ တိုးဝင်လာတဲ့လေတွေက စာအုပ်ဆိုင်အတွင်းဘက်မှာ ချိတ်ဆွဲထားတဲ့ ဆည်းလည်းလေးတွေကို လှုပ်ခတ်သွားစေခဲ့ကာ သာယာသော မြည်သံလေးတွေ ထွက်လာစေသည်။ တံခါးနဲ့တည့်တည့် လျှောက်လမ်းတစ်လျှောက်လုံးတွင် ကြိုးနဲ့သီတွဲထားတဲ့ ရောင်စုံဖန်လုံးလေးတွေ စီတန်းစွာ ရှိနေခဲ့ကြပြီး သူခေါ်ဆောင်လာတဲ့လေကြောင့် တစ်တန်းမှတစ်တန်းဆီသို့ ကူးစက်ယိမ်းနွဲ့ကာ ဆည်းလည်းသံလေးတွေ ထွက်လာခဲ့ကြခြင်းဖြစ်သည်။

LIFE (U/Z)Dove le storie prendono vita. Scoprilo ora