Part 23 (Unicode)

232 22 4
                                    

မြင်ကွင်းထဲ ဖြတ်ခနဲ...ဖြတ်ခနဲ...
ပြေးလွှားနေသည့် အဖြူရောင်အပိုင်းအစတွေကို သဲသဲကွဲကွဲမမြင်နိုင်တော့ချိန်မှာမှ သူ့လက်ကို လက်ဖဝါးကျယ်ထဲကနေ ရုန်းထွက်လိုက်သည်။
ခြေလှမ်းတွေ ခပ်မြန်မြန်နောက်ပြန်ရွေ့သွားတော့ ကြားရတာက "Sorry..." ဆိုသည့်စကားတစ်ခွန်း...။ ဒီအချိန်မှာ အဲဒီစကားကို သူမကြားချင်။ တောင်းပန်ပါတယ်လို့ ‌ပြောလာရလောက်သည့်ကိစ္စမျိုး မရှိခဲ့သလိုသာ ကျော်သွားလိုက်ချင်သည်။

"အ...အနွေးထည်သွားယူလိုက်ဦးမယ်။ ကော်ဖီပါဖျော်လာခဲ့မှာမို့ နည်းနည်းတော့ကြာမယ်"

ကိုယ့်အိမ်ထဲကိုယ် ပုံမှန်ခြေလှမ်းနှင့်ဝင်လာနိုင်ဖို့ သတိတစ်ချက်မှမလွတ်အောင် ကြိုးစားခဲ့ရသည်။
အပြင်မှာ ကျန်နေရစ်ခဲ့သူဆီ နောက်တစ်ကြိမ်ပြန်သွားနိုင်ဖို့ သူ့ခြေထောက်တွေမှာ အားမရှိတော့။ တံခါးပိတ်ပြီးပြီးချင်း ထိုင်ချလိုက်တော့ Lifeက အညိုရောင်ဆိုဖာပေါ်ကနေ ခုန်ဆင်းလာခဲ့ကာ သျှားရဲ့ဓာတ်ပုံဘေး သွားခွေနေလေ၏။

သျှားကတော့ ဟိုးအရင်ကလို
ရယ်မောပြုံးရွှင်နေဆဲ... အခုအချိန်မှာ ဖြစ်ချင်တဲ့ဆန္ဒတစ်ခုသာ တကယ်ပြည့်နိုင်မယ်ဆို ဓာတ်ပုံထဲက ရပ်တန့်နေတဲ့ အတိတ်ကာလထဲသို့သာ လင်းနေညို ခုန်ဝင်သွားချင်မိတော့သည်။ အဲဒီနေရာမှာ သျှားနဲ့အတူတူ ရယ်မောပျော်ရွှင်နေတဲ့ပုံရိပ်တစ်ခုကလွဲလို့ ဘယ်အရာကမှ ရွေ့လျားပြောင်းလဲနေမှာမဟုတ်ဘူး...။

"သျှား...အဲဒါက ခဏဝေ့တိုက်သွားတဲ့ လေပြည်လိုခံစားချက်မျိုးပါပဲ။ တကယ်ကို ခဏလေးဖြတ်တိုက်သွားတဲ့ လေပြည်တစ်ခုပါပဲ"

ထိုစကားကိုရေရွတ်ပြီးနောက်မှာတော့ သူ့ခြေထောက်တွေမှာ အားပြန်ပြည့်လာသည်။ အညိုရောင်ဆိုဖာလက်တန်းပေါ် လွှားထားတဲ့ အနွေးထည်ကိုဝတ်၊ မီးဖိုချောင်ဝင်ပြီး ပြန်ထွက်လာတော့ သူ့လက်ထဲမှာ ကော်ဖီနှစ်ခွက်ပါ ပါလာခဲ့၏။ "နှင်းကြည့်ရအောင်"ဆိုသည့် ဖိတ်ခေါ်ချက်အတိုင်း နှင်းကြည့်ဖို့ပြင်ဆင်သည်။
"အနွေးထည်ယူပြီး ကော်ဖီဖျော်လာမည်"ဆိုသည့် စကားအတိုင်း အနွေးထည်ဝတ်ထားခဲ့သလို ကော်ဖီလည်း ဖျော်ပြီးခဲ့ပြီ။

LIFE (U/Z)Where stories live. Discover now