Part 13(Unicode)

144 19 2
                                    

ချွင်....ချလွင်....ချွင်...

ဆည်းလည်းသံကြားမှ ဆတ်ခနဲပြန်နိုးလာသည်။ သမုဒ္ဒရာအောက်ခြေမှာ အချိန်ကြာကြာနစ်မြုပ်နေခဲ့ရာမှ ရေမျက်နှာပြင်ကို ရုတ်တရက် ထိုးခွဲထွက်လာခဲ့သလို မောဟိုက်သောနိုးထခြင်းမျိုးနှင့် ခပ်မြန်မြန် နိုးလာခဲ့ခြင်းဖြစ်၏။ ဖန်ဆည်းလည်းရှိရာဘက်သို့ သူ့ခေါင်းက စောင်းနေခဲ့တာမို့ မျက်နှာပြန်တည့်လိုက်ချိန်မှာ ကျောခိုင်းထားသော ပုံရိပ်တစ်ခုကိုတွေ့သည်။

သျှားလား....

စိတ်လှုပ်ရှားခြင်းဟာ လှိုက်ခနဲ...။
သို့သော် ဖြည်းဖြည်းချင်းထင်ရှားလာသည်နှင့်အမျှ ထိုပုံရိပ်ကို ဘာကြောင့်များ သျှားဟုထင်ခဲ့သလဲလို့ပင် သူ့ကိုယ်သူအပြစ်တင်ချင်လာသည်။ အပြာရင့်ရင့်ခေါင်းစွပ်ဟူဒီကိုဝတ်ထားပြီး သူ့ကိုကျောခိုင်းထားသူကတော့ သူနိုးလာတာကို မသိသေးဟန်။ ရေစိုဆံပင်တွေကို အညိုရောင်ဆွယ်တာနှင့်သုတ်ရင်း စင်ပေါ်ကဓာတ်ပုံတွေကို အာရုံစူးစိုက်ငေးနေလေသည်။

"ဖြစ်ကတတ်ဆန်းကို လုပ်နေတာပဲ"

ခပ်တိုးတိုးရေရွတ်လိုက်သံကြောင့်
ကျောခိုင်းနေသူဟာ သူ့ကိုလှည့်ကြည့်လာသည်။ အမြဲတမ်းပေါ်လွင်နေတဲ့ နဖူးပေါ်မှာ ဆံပင်စိုတွေ ရှုပ်ထွေးနေခဲ့ကြပြီး အဲ့ဒီလိုရှုပ်ရှုပ်ထွေးထွေးပုံစံက လင်းနေညိုမြင်ဖူးနေကျ သာမန်အချိန်တွေမှာလို လူကြီးဆန်မနေ။ ရေချိုးမယ့်သူကို တဘတ်မပေးလိုက်မိတာ သူ့လိုအပ်ချက်ပေမယ့် တကယ်လိုအပ်နေသူကလည်း တောင်းဆိုခဲ့ခြင်းမရှိ။ တစ်ဖက်က သူ့ကို စကားပြောဖို့ ဟန်ပြင်နေချိန်မှာပဲ လင်းနေညို ထိုနေရာကနေ ထထွက်သွားလိုက်သည်။ ဧည့်ခန်းကို ပြန်ရောက်လာတော့ သူ့လက်ထဲမှာ တဘတ်အဖြူတစ်ထည်ပါလာသည်။

"ခေါင်းကို အဲဒါနဲ့သုတ်နေမှတော့ ဆံပင်တွေ ပျက်စီးကုန်မှာပေါ့....ဒါနဲ့သုတ်လိုက်"

ဒီတစ်ခွန်းတော့ သူပြောလိုက်သည်။
အိမ်ရောက်လာပြီး ရေချိုးဖို့ခွင့်ပြုပြီးမှတော့ တဘတ်လေးတစ်ထည် ထပ်ပေးလိုက်ရတာက သူ့အတွက်အပမ်းမကြီး။ လုပ်စရာရှိတာမြန်မြန်လုပ်ပြီး ထွက်သွားဖို့အတွက် အရှိန်တင်ပေးလိုက်ခြင်းဟုသာ သ‌ဘောထားသော်လည်း တစ်ဖက်ပုဂ္ဂိုလ်ကတော့ လင်းနေညိုပေးလိုက်တဲ့တဘတ်ကို အရာမယွင်းစေသေးဘဲ အထူးအဆန်းသဖွယ် စိုက်ကြည့်နေပြီးနောက် နားလည်ရခက်စွာပြုံးလာသည်။

LIFE (U/Z)Where stories live. Discover now