Part 21(Unicode)

179 23 4
                                    

"ကိုယ်လာတော့ သူက Mr.Linnရဲ့အိမ်နားမှာရှိနေတာ။
စကားပြောဖြစ်သွားရင်းနဲ့ သူMr.Linnကို တောင်းပန်ချင်နေတာသိလိုက်ရတော့ ကိုယ်လည်း..."

"ကူညီပေးချင်သွားတယ်ဆိုပါတော့"

ပြန်မဖြေဘဲ ရယ်၍သာနေသည်။ ကော်ဖီခွက်ပူပူကို အုပ်ကိုင်ထားသည့်လက်နှစ်ဖက်က အအေးဓာတ်နှင့် ကင်းလွတ်ခဲ့တာကြာပြီဖြစ်သော်လည်း နီမြန်းနေဆဲ။ လက်ဖျားနီနီ၊ နားရွက်ဖျားနီနီတွေကြောင့်လားတော့မသိ သူ့ရှေ့မှာထိုင်နေခဲ့တဲ့ဆရာဝန်ကို ပထမဆုံးအနေဖြင့် သူ့ထက်ခြောက်နှစ်ငယ်သည့်အငယ်တစ်ယောက်ဟု လင်းနေညို ခံစားလိုက်ရသည်။ ဒီမတိုင်ခင်တုန်းကတော့ ထိုသူ၏ ပြောပုံဆိုပုံနှင့် ပညာဂုဏ်တို့ကြောင့် အသက်အရွယ်ချင်းကွာနေလင့်ကစား ထိုသူကို
သူ့ထက် အသက်ကြီးသူတစ်ယောက်ကဲ့သို့သာ မြင်နေခဲ့ခြင်းဖြစ်သည်။

"တောင်းပန်ပါတယ်...ကိုယ်က
Mr.Linn သူ့ကိုအဲ့လောက်ထိ မတွေ့ချင်နေမှန်းမသိလိုက်ဘဲ ခေါ်လာလိုက်မိတာ"

"တောင်းပန်တာကတော့ ကျွန်တော်လည်း တောင်းပန်ရမှာပါ။ ဘာပဲဖြစ်ဖြစ် ဒေါက်တာက
စေတနာနဲ့ပဲ... ကျွန်တော်ကသာ သူများရှေ့မှာပါ ရိုင်းလိုက်မိသလိုဖြစ်သွားတာ"

"ဒါဆို...ကိုယ့်ကိုစိတ်မဆိုးဘူးမလား"

"အခုတော့ မဆိုးတော့ပါဘူး"

"ခုနကဆိုးခဲ့တာအတွက်ရော ဘယ်လိုပြန်လုပ်ပေးရမလဲ"

"ဒေါက်တာ့အကြောင်းတွေပြောပြ"

"ကိုယ့်အကြောင်း....Mr.Linnက ကိုယ့်အကြောင်းတွေကိုသိချင်တာလား"

အလျဉ်းသင့်သွားသော စကားအသွားအလာအတွက်
ဝင်းပသွားသည့်မျက်နှာတစ်ခုကို လင်းနေညို မြင်လိုက်ရသည်။ တခြားသူတစ်ယောက်ယောက်ကသာ သူ့အကြောင်းတွေကို မေးမြန်းလာခဲ့မည်ဆိုလျှင် အနည်းနှင့်အများတော့ စိတ်ရှုပ်သွားရလိမ့်မည်။ သို့သော် ထိုဆရာဝန်ကတော့ လင်းနေညိုရဲ့စကားတစ်ခွန်းအတွက် စိတ်ရှုပ်ပုံမရသည့်အပြင် နှုတ်ခမ်းထောင့်မှာပါ အပြုံးတွေ ဖုံးလွှမ်းသွားခဲ့သေးသည်။ ထိုအပြုအမူကြောင့်ပင် တစ်ဖက်ကစကားကို အလျင်အမြန်ဖာထေးလိုက်သင့်သည့် အတွေးဝင်လာသည်။

LIFE (U/Z)Tahanan ng mga kuwento. Tumuklas ngayon