အခန်း ၃၆၆ ။ နှုတ်ဆက်ပါတယ် မိတ်ဆွေ
သုံးယောက်သား တိတ်ဆိတ်သွားတယ်။ သူတို့ ဘာပြောရမလဲ မသိတော့ဘူး။ ဖန်တီးမှု နတ်ဘုရားအနေနဲ့ သူက တကယ်ပဲ အလုပ်အကောင်းဆုံးလုပ်ခဲ့တယ်။ ရှန်းကျင်းက သူတို့တွေက တစ်နေ့ကျ ပျောက်ကွယ်ရမဲ့ နောက်ကျိကျိလက်ကျန်အသိစိတ်တွေလို့ ပြောခဲ့ဖူးတယ်။ အခုက သူပျောက်ကွယ်ရမဲ့ အချိန်ပဲ။
"ရှန်းရင် သူ့ကို ပြန်စတင်လို့ရတဲ့နည်းမရှိဘူးလား" ကူယွဲ့ မေးလိုက်မိတယ်။
ရှန်းရင်က စကားမပြောပေမဲ့ မိစ္ဆာနတ်ဘုရားက ခေါင်းယမ်းတယ်။
"မလိုပါဘူး၊ ပင်ပန်းနေရုံပါ၊ နားဖို့ အချိန်ရောက်လာပြီ"
"..."
"နင့်မှာ တခြားဘာဆုတောင်းတွေရှိလဲ" ရှန်းရင်က မေးတယ်။
သူက ပြုံးပြီး အတော်ကြာတော့မှပြောတယ်။
"ခေါင်းဆောင်... ဖြစ်နိုင်ရင် ဂျပုလေးကို ခွင့်လွှတ်ပေးလို့ရမလား၊ ကျွန်တော်နဲ့မတူဘဲ သူက မေ့ပျောက်ခြင်းမြစ်ရဲ့ အသိစိတ်ဝိညာဥ်ပဲ၊ ဒါကြောင့် မြစ်က ဒီမှာရှိသရွေ့ သူပျောက်သွားမှာ မဟုတ်ဘူး၊ အရင်တစ်ခေါက်က ကိစ္စက ကျွန်တော် သူ့ကို အတင်းလုပ်ခိုင်းခဲ့တာပါ၊ သူက ခု ကျွန်တော်တို့ သုံးယောက်ကြား တစ်ဦးတည်းသော ကျန်ရစ်သူပဲ၊ တကယ်လို့ ခေါင်းဆောင် သူ့ကို စကားမပြောဘူးဆိုရင် သူ အထီးကျန်လွန်းလိမ့်မယ်"
"ကောင်းပြီလေ"
သူက ပိုပြီးတောင် ပျော်ရွှင်စွာပြုံးပြီး အဲအပြုံးအရိပ်အငွေ့က ပျောက်မသွား။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်..."
သူစကားဆုံးတဲ့နောက် သူ့ကိုယ်က သုံးယောက်ရှေ့ လုံးဝပျောက်ကွယ်သွားပြီး သူတို့ပတ်လည်က သုံးလောကရဲ့အလင်းစက်တွေလို တလက်လက်တောက်ပနေတဲ့ ကြယ်အလင်းစက်ထောင်ချီအဖြစ် ပြောင်းလဲသွားခဲ့တယ်။
ရှန်းရင် အကြည့်က နက်ရှိုင်းသွားပြီး မနေနိုင်ဘဲ သူမလက်ကိုဆန့်တန်းလိုက်မိတယ်။ ချက်ချင်း အလင်းစက်တွေအားလုံး သူမလက်ဖဝါးထဲ စုဝေးလာပြီး အချိန်တိုအတွင်း သူတို့က အလင်းလုံးအဖြစ် သိပ်သည်းသွားကာ သူမလက်ဖဝါးပေါ်ကျလာခဲ့တယ်။

YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်