8

196 3 0
                                    

Uni

" ဓန ! "

သူ့တောင်းဆိုမှုကို ကြားပုံမပေါ်သည့် ဓနကိုကြည့်ကာ ရွက်သစ်ထပ်ခေါ်လိုက်၏။ သူ့အသံကိုကြားမှပင် ဓန၏ကိုယ်ကြီး လှုပ်လာသည်။ ရွက်သစ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ကာ

" ခင် ခင်ဗျားက တကယ်ပဲ ဘယ်သူလဲ "

" ငါ ငါ့ဘဝအမှန်က မြှားနတ်မောင်ပါ "

"???????"

ဓန၏ မျက်လုံးထဲတွင် စကားလုံးပေါင်းများစွာဖြင့် ပြည့်နေသော်လည်း အပြင်ကိုမူ ထွက်မလာနိုင်ကြပေ။ အတွေးများအဖြစ်သာ ရှိနေကြပြီး ကျောက်ရုပ်နှယ် ငြိမ်သက်နေ၏။

မြှားနတ်မောင်က လူသားတစ်ယောက်ကဲ့သို့ ရှင်သန်နေနိုင်သည်လား ...
ယခု သူနှုတ်ယူလွှင့်ပစ်လိုက်သည့် အနက်ရောင်မြှားငယ်သည် ရွက်သစ်နှင့်မည်သို့ ဆက်စပ်ပါသလဲ ...

အတွေးများစွာတွေးမိသော်လည်း မမေးဖြစ်ဘဲ ရွက်သစ်ကိုသာ တအံ့တဩကြည့်နေမိသည်။

" ဓန ငါ့ကို ကူညီပါ... "

ရွက်သစ်က နွမ်းလျသောအသံဖြင့် ထပ်မံတောင်းဆိုပြန်၏။ ထိုအခါမှ ဓနလည်း အသိဝင်လာကာ လမ်းကြားလေးတစ်လျှောက် ဟိုသည်ကြည့်၍ သူ့အပေါ်ဝတ်ဂျာကင်ကိုချွတ်လိုက်သည်။ ထို့နောက် ရွက်သစ်၏ တစ်ကိုယ်လုံးကို ဖုံးအုပ်၍ ထုပ်ပိုးလိုက်သည်။ ထိုအခါ ရွက်သစ်သည် အပေါ်ထပ်ဂျာကင်ဖြင့်ထုပ်ပိုးခံထားရသည့် ကလေးတစ်ယောက်ကဲ့သို့ ဖြစ်သွားလေသည်။

ထို့နောက် ဓနသည် လူရှင်းသည့် ထိုလမ်းကြားကိုပင် အသုံးပြုကာ ကားထားသည့်နေရာသို့ရောက်အောင် တစ်ကွေ့တစ်ပတ်ကြီး လျှောက်သွားရသည်။ ခြေလှမ်းများကို မြန်နိုင်သမျှမြန်ရင်း ကားဆီသို့ အပြေးလျှောက်နေရလေသည်။ ရွက်သစ်သည် ဓန၏လက်ပေါ်တွင် မျက်လုံးလေးများမှိတ်၍ ငြိမ်သက်စွာ လိုက်ပါလာသည်။ သူ့ဘဝအမှန်ကို အခြားလူများထံမှ ဓနတစ်ယောက် ဖုံးကွယ်ပေးနိုင်ပါစေဟုသာ ကြောက်ရွံ့စွာ ဆုတောင်းနေမိလေသည်။

" ရောက်ပြီ "

ဓနလည်း သူတို့ ကားဆီသို့ပြန်ရောက်လျှင် စိတ်အေးသွားသည့်လေသံဖြင့် ရေရွတ်လိုက်သည်။ ကားထားရာနေရာက လမ်းမကြီးနှင့်အနည်းငယ်လှမ်းသဖြင့် လူစည်ကားမနေ၍ တော်သေးသည်ဟု ဆိုရမည်ပင်။

My Sweetheart CupidWhere stories live. Discover now