Uni
မနက်ဖြန်က မင်္ဂလာရက်မို့ ရူပါက အလှအပအတွက် ဂရုစိုက်ကာ အိပ်ရေးဝစေရန်ဟုဆိုကာ စောစီးစွာ အိပ်ရာဝင်သွား၏။ ဒီရေနှင့် သူ၏ မိဘ ဆွေမျိုးများကလည်း ဧည့်သည်အိမ်သို့ စောစောပင်ပြန်သွားကြသည်။ ဦးရောင်ထည်ကလည်း နောက်နေ့တွင်ဧည့်ခံရင်း ပင်ပန်းမည်ဟုဆိုကာ စောစောပင် ဘုရားရှိခိုးပြီး အိပ်ရာဝင်သွားတော့သည်။ အကျွေးအမွေးကလည်း သပ်သပ်စီစဉ်ထားသဖြင့် သူတို့ ပူပင်ရန်မလိုပေ။ ထို့ကြောင့် အေးအေးဆေးဆေးပင် နားခွင့်ရသည်။
ထိုအခါ အိမ်ကြီးက တိတ်ဆိတ်လျက်။ ဓနလည်း အခန်းထဲတွင် ရှေ့လျှောက်နောက်လျှောက်ဖြင့် ဂဏှာမငြိမ်ဖြစ်နေလေသည်။ သူ ရွက်သစ်ကို သွားတွေ့ချင်သော်လည်း ရွက်သစ်က ခုရက်ပိုင်း စောစောအိပ်ရာဝင်နေလေ့ရှိသဖြင့် ချီတုံချတုံဖြစ်နေရသည်။
သူသွားပြီး အခန်းတံခါးခေါက်ကာမှ ရွက်သစ်အိပ်ရေးပျက်သွားမည်ကိုလည်း စိုးရိမ်သည်။ သူ အိပ်ရာထက်သို့ ထိုင်လိုက်ထလိုက်ဖြင့် ဆုံးဖြတ်ရခက်နေတော့သည်။
သို့နှင့် စိတ်အပြောင်းအလဲဖြစ်စေရန် ဖုန်းထုတ်၍ လိုင်းသုံးနေမိသေးသည်။ သူ့စာဖတ်ပရိတ်သတ်များ၏ စာအုပ်သစ်တောင်းဆိုသည့် ကွန်မန့်များကို လိုက်ဖတ်ရင်း စာအုပ်သစ်ရေးပေးရန် အတွေးဝင်သည်။ သူ့စာဖတ်ပရိတ်သတ်များကို သူ့လက်ရာစာအုပ်သစ်လည်း ချပြချင်မိပါသည်။
သို့နှင့် ကွန်ပျူတာထုတ်ကာ စာရိုက်ရန်ပြင်ဆင်၏။ သူ့လက်က " ချစ်ရသူမြားနတ်မောင်လေး " ဟု ခေါင်းစဉ်ရိုက်မိကာ စာအချို့ရိုက်ကြည့်လိုက်လေသည်။ နိဒါန်းတွင် သူတို့ဆုံသည့်အကြောင်း စတင်ရေးမိကာ ရန်ဖြစ်ခဲ့ရသည်များကို မှတ်မှတ်ရရ သတိရရင်း ပြုံးမိပြန်သည်။ ထိုအချိန်က သူ့ပေါက်စလေးက တကယ်စွာတေးလန်လေးဖြစ်လေသည်။
ပေါက်စလေး၏ ပုံစံကို သရုပ်ဖော်ရေးရင်း ပါးစပ်ကလည်း ရေရွတ်မိသေးသည်။" ပေါက်စလေးရဲ့အလှက ငါရေးပြလို့တောင် မမှီနိုင်ပါဘူးနော်၊ စာပန်းချီရှုံးလောက်အောင်လှတဲ့ ပေါက်စလေး "
ကိုယ့်ချစ်သူကိုယ် အမွှမ်းတင်ရင်း ချစ်ရသူ၏အလှဘွဲ့ကို သေချာသီကုံးရေးသားနေမိ၏။ ပြည့်စုံလွန်းသည့် အလှမျိုး ပေါက်စလေးကလွဲပြီး ရှိနိုင်မည်မထင်။ ရှိလျှင်လည်း သူ့မျက်လုံးထဲတွင် လှလိမ့်မည်မဟုတ်ပါ။ သို့နှင့် နာရီအနည်းငယ်ကြာသော် အခန်းတစ်ကို ရေးသား၍ ပြီးစီးသွားတော့သည်။
YOU ARE READING
My Sweetheart Cupid
Randomဒုတိယမြောက် BL Myanmar လေးပါ Start - 11.3.24 End - 13 .6.24