၄၁

143 2 0
                                    

Uni

ကား၏ဦးတည်ရာ အိမ်ကြီးမြိုင်ခြံစုဆီသို့ ဖြစ်နေသဖြင့် ဓန၏ စိုးရိမ်စိတ်တို့ ပိုမိုကြီးမားလာသည်။ ဦးအံ့၏ကားက အိမ်ကြီးမြိုင်ခြံစုထဲသို့ အတားအဆီးမရှိ မောင်းဝင်သွားသည်။ ခြံတံခါးက ပြန်ပိတ်သွားသဖြင့် ဓနကားလေးကို ထိုးရပ်လိုက်ရသည်။

သူ ကားပေါ်မှ လျင်မြန်စွာဆင်းလိုက်ပြီး ခြံကျယ်ကြီးထဲသို့ ကြည့်၏။ ခြံတံခါးဘေးရှိ လူခေါ်ဘဲလ်ကို နှိပ်လိုက်သော်လည်း အတွင်းမှ တုန့်ပြန်မှုမရှိပေ။ နှစ်ခါသုံးခါနှိပ်ပြီးသော် သူ စိတ်မရှည်တော့ပေ။

" ရွက်သစ်ပုံနှိုင်း !! "

သူ့ခေါ်သံက ကျယ်လောင်မြည်ဟည်းလျက်။

" ရုက္ခ ခင်ဗျား ရွက်သစ်ပုံနှိုင်းကို ခေါ်သွားတာ ကျုပ်သိတယ်နော်၊ အခု ခေါ်ထုတ်လာပေး "

သူ အသံကုန်အော်ဟစ်လိုက်သည်။ လမ်းသွားလမ်းလာအချို့က ဓနကို ထူးဆန်းသည့်လူ ဟူသည့် အကြည့်ဖြင့် ကြည့်သွားကြသည်။ ဓန ဂရုမစိုက်အားပေ။ သူ့အာရုံတို့က ထိုခြံကြီးထဲမှ ရွက်သစ်ကို အမြန်ဆုံး ခေါ်ထုတ်ရန်သာ ဖြစ်လေသည်။

ဓနလည်း ခြံတံခါးကြီးကို လမ်းဘေးတွင်တွေ့ရသည့် ဝါးရင်းတုတ်ဖြင့် အားကုန်လွှဲရိုက်လိုက်သည်။

ဗြောင်း ! ဗြောင်း !! ဗြောင်း !!!!!!

သံနှင့်ဝါးရင်းတုတ်တို့ ထိခတ်သံများ ဆူညံသွားလေသည်။ ပတ်ဝန်းကျင်အိမ်များမှ လူများကပင် ထွက်ကြည့်လာကြ၏။ ဓန ဂရုမစိုက်ပါ။ ‌ပိတ်ထားသည့် သံတံခါးကြီးကိုသာ အငြှိုးကြီးစွာ ရိုက်နှက်နေမိသည်။

ဗြောင်း !! ဗြောင်း !! ဗြောင်း !!!

" ရုက္ခ ခင်ဗျား ရွက်သစ်ကို ထုတ်မပေးရင် ကျုပ် ဒီတံခါးကို ဖျက်ဝင်လာမှာနော် "

ဓန ဒေါသတကြီး အော်ဟစ်နေဆဲပင်။ သူ့ရင်သည် ရွက်သစ်ပုံနှိုင်းကို စိုးရိမ်စိတ်များဖြင့်သာ ပြည့်နေလေသည်။ ထိုစဉ် သံတံခါးကြီးက ပွင့်လာသည်။ သူရွက်သစ်ထွက်လာသည်ဟု ထင်လိုက်သော်လည်း တံခါးနောက်တွင် ဦးအံ့ကိုသာ တွေ့ရသည်။ ဓန မျက်နှာကို တင်းထားမိလေသည်

My Sweetheart CupidWhere stories live. Discover now