၂၆

127 1 0
                                    

Uni

သန်းခေါင်သို့တိုင်ခဲ့ပြီဖြစ်သည်။ သို့တိုင်အောင် ဓနသိဒ္ဓိမှာ နိုးထလာတော့မည့်အရိပ်အယောင်မမြင်ရသေးပါ။ ရွက်သစ်လည်း စိုးရိမ်စိတ်များဖြင့် ဒရင်းဘတ်အနားတွင် ဒူးထောက်ထိုင်ချလိုက်၏။

" ဓန ! "

တိုးသဲ့သဲ့ခေါ်သံဖြင့် ဓန၏လက်မောင်းကို အသာလှုပ်ခေါ်လိုက်သည်။ ဓနကမူ သတိလစ်နေသူနှယ် တုပ်တုပ်မျှပင် လှုပ်မလာပါချေ။

ညစာစားချိန်က ရွက်သစ် အခန်းအပြင်သို့ထွက်သွားခဲ့သေး၏။ ဦးရောင်ထည်အပါအဝင် အိမ်ရှိမိသားစုများက ဓနကို ရှာနေကြသည်။ ရွက်သစ်ကမူ ဓနအပြင်ထွက်သွားသည်ကို မသိလိုက်၊ မမြင်လိုက်သည့်ဟန် ဆောင်နေမိ၏။ ထိုအခါ တစ်အိမ်သားလုံးက ဓနကို မြို့ထဲမှ ငယ်သူငယ်ချင်းများနှင့် တွေ့ဆုံရန်သွားသည်ဟုသာ ယူဆလိုက်ကြ၏။ ခေတ်သဘောအရပင် ယောက်ျားလေးတစ်ယောက်၏ အပြင်သွားခြင်းကို စိတ်ချလက်ချ ပြန်ဖြစ်သွားကြ၏။ အိမ်ပြန်ချိန်ကို စိုးရိမ်ခြင်းမျိုး မရှိကြတော့ပေ။

ဓနနှင့်သူ လုပ်ဆောင်နေသည့်အလုပ်ကို မည်သူ့ကိုမျှ မသိစေအောင် ဖုံးကွယ်ထားရ၏။ သိသွားလျှင် ရှုပ်ထွေးသည့် အဖြစ်များဖြစ်လာနိုင်သဖြင့် အားလုံးယခုထက်ပို ဓနကို အာရုံမစိုက်မိခင် နိုးလာမှဖြစ်ပေမည်။

" ဓန ! မင်း နိုးလာသင့်ပြီ ! "

ရွက်သစ်က အသံလေးခပ်ကြိတ်ကြိတ်ဖြင့် နိုးနေသည်။ အိမ်ကြီးက ကြီးကျယ်ခမ်းနားလွန်းသဖြင့်  အဆောင်ဆောင်အခန်းခန်းများ များလွန်းလှသည်မို့သာ တော်တော့သည်။ မဟုတ်လျှင် သူတို့ရောက်ရှိနေသည့်အခန်းသို့ အချိန်တိုအတွင်း သတိပြုမိသွားလိမ့်မည်မှာ အသေအချာပင်။

ဓန၏ကိုယ်ကြီးကို လှုပ်ခါရင်း၊ မျက်တောင်ဖျားများပိတ်ကျနေသည့် မျက်နှာသို့ အားမလိုအားမရစွာ ငုံ့မိုးစိုက်ကြည့်ရင်း ရွက်သစ်၏ရင်တွင် စိုးရိမ်စိတ်များ တရိပ်ရိပ်တက်လာတော့သည်။

" ဓန !!! "

ဒီလိုနှင့် ဓန သတိရမလာတော့လျှင်။ ဒီအခြေအနေအတိုင်းသာ ဓနဆက်ရှိနေလျှင်။ ဓန သေဆုံးသွားနိုင်သည်ကို သတိရလာသည်။ တစ်ခါတရံ အတိတ်သို့ ပြန်မြင်လိုက်ရသည့် လူသားများသည် အတိတ်ဘဝ၏ နာကျင်ရလွန်းသောဒဏ်ရာတို့ကြောင့် ရှင်သန်လိုသောဆန္ဒများ ပျောက်ဆုံးသွားကာ ယခုဘဝတွင်ပင်အိပ်စက်ခြင်းမှ နိုးထမလာနိုင်တော့သည့် အခြေအနေများ ဖြစ်လာနိုင်သည်။ သို့ကြောင့်ပင် လူသားတစ်ယောက်၏ အတိတ်ဘဝသည် သေဆုံးပြီးဘဝသစ်စတင်သည့်အခါ ‌မဖြစ်မနေမေ့ပျောက်ကွယ်ပျက်သွားရခြင်းဖြစ်လေသည်။

My Sweetheart CupidWhere stories live. Discover now