၂၂

147 2 0
                                    

Uni

မြို့မျက်နှာဖုံးမမလေးရူပါသိဒ္ဓိ၏ စေ့စပ်ကြောင်းလမ်းခြင်းမင်္ဂလာပွဲက ခမ်းနားထည်ဝါခြင်းအပြည့်ဖြင့်သာ။ ဖူးစာဖက်လက်စွပ်၏ အကူအညီဖြင့် လက်ဆက်လေ့ရှိသည့် မိသားစုအစဉ်အလာကိုသိထားကြသဖြင့် ရူပါသိဒ္ဓိအတွက် ဖူးစာဖက်လက်စွပ်က ရွေးချယ်ပေးခဲ့သော တစ်မြို့တစ်ရွာသားကိုလူချောကို မြင်လိုကြသဖြင့် စေ့စပ်ပွဲသို့ လာရောက်ကြသူကများသည်။ ဦးရောင်ထည်ကိုယ်တိုင်ကလည်း မြေးမလေး၏ စေ့စပ်ပွဲကိုပင် တစ်မြို့လုံးကိုဖိတ်ကြားထားသဖြင့် စေ့စပ်ပွဲက လက်ထပ်ထိမ်းမြားခြင်းမင်္ဂလာပွဲကြီးကဲ့သို့ စည်ကားသိုက်မြိုက်နေလေသည်။

အိမ်ကြီး၏အပြင်ဘက်ကွင်းပြင်ကျယ်တွင် ဧည့်ခံပွဲကို ခင်းကျင်းထား၏။ အပင်ကြီးများ၏အရိပ်က သဘာဝမဏ္ဍပ်များဖြစ်ပြီး ထိုအပင်များ၏ အောက်နိမ့်ကိုင်းလေးများတွင် ရောင်စုံဖဲကြိုးများ၊ ရောင်စုံပူဖောင်းများ၊ ပန်းခက်ပန်းနွယ်များဖြင့် အလှဆင်ထား၏။ စားပွဲဝိုင်းအမြင့်များထက်တွင် အဖြူရောင်စားပွဲခင်းများ ခင်းကျင်းထားကာ အဖြူရောင်ထိုင်ခုံများဖြင့် ဝန်းရံထားသဖြင့် ဧည့်ခံပွဲနေရာက တောက်ပလင်းထိန်နေတော့သည်။

ကျွေးမွေးဧည့်ခံသည့် အစားအစာက နတ်သုဒ္ဓါဖြစ်လေရာ အအီပြေစေရန် ချိုချဉ်ချဉ်လိမ္မော်ဖျော်ရည်များကိုလည်း စားပွဲရှည်ဖြင့် တည်ခင်းဧည့်ခံထား၏။ ကြွရောက်လာကြသူအားလုံးကလည်း ရူပါသိဒ္ဓိ၏ ဘဝလက်တွဲဖော်ကို သိလိုမြင်လိုကြသဖြင့် စားသောက်ခြင်းကို အေးအေးဆေးဆေးသာ ပြုလုပ်နေကြရာ အိမ်ကြီး၏ဧည့်ခန်းတွင်ရော အိမ်ရှေ့ကွင်းပြင် ဧည့်ခံပွဲတွင်ပါ ဧည့်သည်များ ပြည့်နေတော့သည်။

နယ်မြို့လေး၏ ဧည့်ပရိတ်သတ်က ကြက်ပျံမကျစည်ကားလွန်းနေလေသည်။ သို့တိုင် မင်္ဂလာမောင်နှံတို့က အိမ်ကြီး၏ ဖူးစာဖက်အခန်းထဲမှ ထွက်မလာကြသေးပေ။ နှစ်ဦးသားသည် ဖူးစာဖက်ဘက်လက်စွပ်များကို စေ့စပ်ပွဲတွင် ဝတ်ဆင်ရမည့် အစဉ်အလာအတိုင်း ထပ်မံ၍ ဝတ်ဆင်နေကြသည်။

ယခုတစ်ကြိမ်ဝတ်ဆင်ခြင်းက ထိုလက်စွပ်များကို ထိမ်းမြားမင်္ဂလာဆောင်ခြင်းပြီးစီးမှသာ ချွတ်ရတော့မည်ဖြစ်သည်။ ထိုသည်က ဖူးစာဖက်လက်စွပ်များ၏ အစွမ်းတစ်မျိုးဟုလည်း ဆိုနိုင်သည်။ စေ့စပ်ကြောင်းလမ်းခြင်းမင်္ဂလာကို ပြုလုပ်ချိန် သစ္စာပြုဝတ်ဆင်လိုက်သည့် ဖူးစာဖက်လက်စွပ်များသည် ပြန်ချွတ်၍မရတော့ပေ။ ထိမ်းမြားမင်္ဂလာဆောင်ခြင်းပြီးမှသာ ပြန်လည်ချွတ်ထား၍ရပေတော့သည်။

My Sweetheart CupidWhere stories live. Discover now