Uni
" ခင်ဗျား တစ်ခုခုဖြစ်နေလား "
ရွာမှပြန်လာကတည်းက တမှိုင်မှိုင်တတွေတွေဖြစ်နေသူကို ဓန မေးမိခြင်းဖြစ်သည်။ ရွက်သစ်ကလည်း အကြီးအကဲပြောသွားသည့် သူထပ်မံကျူးလွန်ခဲ့မိသည့်အပြစ်ဟူသည်ကို စဉ်းစားမရနိုင်ဖြစ်နေဆဲဖြစ်၏။ သူ လူ့ဘဝသို့ လူသားအပြစ်သားနှယ် ပို့ခံရပြီးသည့်နောက် မည်သည့်အပြစ်မျိုးကို ထပ်မံကျူးလွန်ခဲ့မိသည်ကို မှတ်မိရန်လိုအပ်၏။ သူ့အပြစ်ကျိန်စာကို ပြေစေရန်ကြိုးစားရာတွင် ထိုအပြစ်ကိုပါ သူမှတ်မိမှဖြစ်လိမ့်မည်။
ဓန၏အမေးကို သူ ပြန်ဖြေနိုင်ခြင်းမရှိခဲ့ပါ။ ထိုစဉ် ဘိုးဘိုးက ထမင်းစားခန်းသို့ဝင်လာ၏။ သူတို့နှစ်ယောက် ညစာစားနေခြင်းရှိမရှိလာကြည့်ခြင်းဖြစ်သည်။ ရွက်သစ်တို့က ညနေစောင်းမှ ရွာကပြန်လာသဖြင့် ညစာစားနောက်ကျနေခြင်းဖြစ်သည်။ အိမ်ရှိလူကုန် ညစာစားပြီးကြသော်လည်း သူတို့ကမူ မစားရသေးပါ။
ထမင်းချက်ဒေါ်ဋ္ဌေးက ညစာသုံးဆောင်ရန် ခူးခပ်ပေးနေစဉ် ဓနက ရွက်သစ်ကို ဤသို့မေးလာခြင်းဖြစ်၏။ ဘိုးဘိုးက စိတ်နှင့်ကိုယ်ကပ်ပုံမရသည့် ရွက်သစ်ကိုကြည့်ကာ မြေးဖြစ်သူကိုသာမေး၏။
" မြေးတို့ ရွာမှာပျော်ခဲ့ကြရဲ့လား "
သူ့အတွေးတွင် ရွက်သစ် စိတ်မပျော်ခြင်းမျိုး ဖြစ်ခဲ့ပါလျှင် ထိုအဖြစ်သည် မြေးဖြစ်သူကြောင့်ဟုသာ တထစ်ချယုံကြည်ထားခြင်းကြောင့်။
ဓနက ငြိမ်နေသည့်ရွက်သစ်ကိုတစ်ချက်ကြည့်ကာ
" ကျွန်တော်ကတော့ပျော်တယ်၊ သူကတော့ မသိဘူး "
ဖြေပုံက ကန့်လန့်ဖြစ်သဖြင့် ရွက်သစ်က ဓနကိုလှည့်ကြည့်၏။ ဓနက ခပ်တည်တည်ပင်ထိုင်နေကာ ရွက်သစ်ကို ပြန်မကြည့်ပေ။ ဘိုးဘိုးက မျက်နှာနွမ်းနေသည့် ရွက်သစ်ကိုကြည့်ကာ ဂရုစိုက်လာသည်။ ရွက်သစ်က ဧည့်သည်မို့ သူ့ဘက်က ဧည့်ဝတ်မကျေမည်ကို စိုးရိမ်၏။ မြေးဖြစ်သူကများ တစ်ခုခုပြောလိုက်လေသလား။
" မောင်ရွက်သစ်လေး တစ်ခုခုများ လိုအပ်လို့လား "
" သူ့အလုပ်အဆင်မပြေလို့ နေမှာပေါ့ "
YOU ARE READING
My Sweetheart Cupid
Randomဒုတိယမြောက် BL Myanmar လေးပါ Start - 11.3.24 End - 13 .6.24