Uni
ညမိုးစုံးစုံးချုပ်ခဲ့ပြီဖြစ်သည်။ ရွက်သစ်သည် တံခါးရွက်အနီးတွင် ထိုင်နေဆဲဖြစ်ကာ အပြင်ဘက်သို့ နားစွင့်နေ၏။ အပြင်ဘက်မှ လှုပ်ရှားသံများ မကြားရတော့သည့်အခါ ဓန ပြန်သွားပြီလားဟု သူ တွေးမိပြန်သည်။
ထို့ကြောင့် တံခါး၏ ချောင်းကြည့်ပေါက်လေးမှ အပြင်သို့ ချောင်းကြည့်လိုက်၏။ ရှင်းလင်းနေသော မြင်ကွင်းကိုသာ မြင်ရသည့်အခါ ရွက်သစ်လည်း သက်ပြင်းချလိုက်သည်။
တော်ပါသေးရဲ့ သူ ပြန်သွားပြီပဲ...
ရွက်သစ်လည်း အတွေးနှင့်အတူ တံခါးအနီးမှ အသာလှည့်ထွက်လာခဲ့၏။ ထို့နောက် ထုံးစံအတိုင်းပင် ဆိုဖာထက်သို့ လဲချလိုက်ပြီးမျက်နှာကြက်ဆီသို့ အကြည့်ပို့ထားလိုက်သည်။
ဓနကို သူ မည်သို့ ဝန်ခံရမည်ကို မသိတော့ပေ။ ဓန၏ အတိတ်ဘဝသည် သူ့အမှားတစ်ခုအတွက် အသက်ပေးခဲ့ရသည်ဆိုပါလျှင် ဓနက သူ့အား ခွင့်လွှတ်နိုင်လိမ့်မည် မထင်ပေ။
" အင်း !!!! "
လေးလံသော သက်ပြင်းမောကြီးကို ချလိုက်မိကာ မျက်တောင်များကို ပိတ်ချလိုက်၏။ ထိုအခါ ပူနွေးသော မျက်ရည်စတစ်ချို့က နားထင်မှ ဖြတ်သန်းစီးဆင်းသွား၏။ သူ့ရင်မှ နာကျင်မှုနှင့် နောင်တတို့က သူ့နှလုံးသားကို ရိုက်ပုတ်နေဆဲဖြစ်သည်။ ဘဝကို အလိုရှိသလို ကုန်ဆုံးဖြတ်သန်းခွင့်မရှိသည့် သူ့အတွက် အချိန်တိုင်းကို နာနာကျင်ကျင် ဖြတ်သန်းနေရခြင်းက ကြီးလေးလွန်းသည့် အပြစ်ဒဏ်ပင်ဖြစ်လေသည်။
အင်း !!! ဟင်း !!!
" ဟင် ! "
ညည်းသံသဲ့သဲ့ကြောင့် ရွက်သစ် ခေါင်းထောင်ကြည့်လိုက်သည်။ တိတ်ဆိတ်နေသော တိုက်ခန်းက အပ်ကျသံပင် ကြားရလောက်သည်။ ထို့ကြောင့် ညည်းသံသဲ့သဲ့က သူ့ တိုက်ခန်းအတွင်းသို့ ပျံ့နှံ့လာ၏။
" ဘာသံလဲ ? "
ရွက်သစ်လည်း တိုးတိုးရေရွတ်ကာ ထထိုင်လိုက်၏။
အင်း !!!!
ညည်းသံက ပင်ပန်းလှစွာ ညည်းညူနေသည့် လူနာတစ်ယောက်၏ အသံမျိုး။ သူ တိုက်ခန်းအတွင်း ဟိုသည်ကြည့်မိသည်။ သရဲခြောက်သည်ဟု ဆိုရန်ကလည်း ဒီတိုက်ခန်းတွင် ရွက်သစ်တစ်ယောက်တည်း နေလာသည်မှာ ကြာပြီဖြစ်သည်။ ယခုကဲ့သို့ တစ်ခါမှပင် မဖြစ်ဖူးခဲ့ပါ။ ထို့ကြောင့် တိုက်ခန်းအတွင်း ဟိုသည်လျှောက်ကာ ခိုညည်းသံကဲ့သို့သော အသံပိုင်ရှင်ကို လိုက်ရှာနေမိ၏။
YOU ARE READING
My Sweetheart Cupid
Разноеဒုတိယမြောက် BL Myanmar လေးပါ Start - 11.3.24 End - 13 .6.24