12

181 3 0
                                    

Uni

နောက်တစ်နေ့မနက်ခင်းတွင် ဓနသည် ရူပါဈေးသွားသည့်အခါတွင် တကယ်ပင်လိုက်ပါသွားတော့သည်။ ဈေးဝယ်နေသည့်တစ်ချိန်လုံး ရူပါ့အနားတွင်ရပ်ရင်း အရပ်ဆယ်မျက်နှာလုံးသို့လှည့်၍ အကဲခတ်နေမိ၏။ ရမ်းကားမည့်လူရိပ်လူယောင်မျိုး တစ်ယောက်မှပင်မတွေ့ရပါ။

အချို့က ရူပါ့ကို သဘောတကျကြည့်နေကြသည်မှာမှန်သော်လည်း အိန္ဒြေပျက်လောက်အောင် ရမ်းကားရဲသည့်လူဟူ၍ တစ်ယောက်မှပင် မတွေ့ရပေ။ ဓနပါနေ၍လည်း ဖြစ်နိုင်သဖြင့် အားလုံးကို တရားခံကြည့်ဖြင့်သာ လိုက်ကြည့်နေမိ၏။ သူ့အကြည့်များကြောင့်လည်း ရူပါ့ကို သဘောတကျငေးနေသူများ အရှိန်တန့်သွားကြ၏။

ဓနလည်း သက်ပြင်းကြိတ်ချရင်း ရူပါ့အနောက်မှ လိုက်ပါနေသည်။ ချောမောလှပလွန်းသည့် ညီမတစ်ယောက်ရှိရသည်ကလည်း ရင်ပူရလွန်းပါသည်။

" ကိုကို ပြန်ရအောင်လေ "

ရူပါက ဈေးခြင်းတောင်းလေးကိုတစ်ချက်ငုံ့ကြည့်၍ သူမဝယ်ထားသည့်အမယ်များကို စစ်ဆေးကာ ဓနကို ပြောသည်။ ဓနလည်း ရူပါ့လက်ထဲမှ ဆွဲခြင်းအပြည့်ပစ္စည်းများကိုကြည့်၍

" စုံပြီလား "

ဟု မေးလိုက်သည်။

ရူပါက အပြန်လမ်းသို့ ပြန်လှည့်ရင်း ခေါင်းငြိမ့်၏။

" စုံပြီကိုကိုရဲ့ သွားရအောင် ၊ ကိုကိုပါလို့ထင်တယ် အဲ့လူ မလာဘူး "

ရူပါက အစ်ကိုဖြစ်သူကို စိတ်အေးစေရန် ပြောလိုက်ခြင်းဖြစ်သည်။ ယခင်နေ့ကကဲ့သို့ ကြုံရမည်ကို သူမလည်း စိုးရိမ်နေရသည်သာဖြစ်၏။ ယခု အေးအေးဆေးဆေးပင် ဖြစ်သဖြင့် စိတ်ချမ်းသာသည်။ မဟုတ်လျှင် သူမအစ်ကိုအတွက် စိုးရိမ်၏။ သူမအတွက် မည်သူ့ကိုမှ မထိခိုက်စေချင်သည်က စိတ်ရင်းအမှန်ပင်ဖြစ်လေသည်။

" ဈေးခြင်းပေး ရူပါ "

ဓနက ဈေးခြင်းတောင်းကိုဆွဲယူ၍ အပြန်လမ်းသို့ဦးဆောင်ခဲ့လေသည်။ ခြေလျင်ပင် အသွားအပြန်လုပ်၍ရသဖြင့် မောင်နှမနှစ်ယောက် စကားတပြောပြောဖြင့် ပြန်လာခဲ့ကြ၏။

My Sweetheart CupidWhere stories live. Discover now