Unicode
နှစ်ထပ်အိမ်ကြီးက အပြင်ပန်းသာ ခမ်းနားသည်မဟုတ်၊ အတွင်းပိုင်းကလည်း ခမ်းနားသည်သာ။ တမလန်းဆက်တီခုံကြီးများက ဖောင်းကြွပန်းခက်များဖြင့် တင့်တယ်လွန်းလှသည်။ ဧည့်ခန်း၏ မြင်သာသည့် အမြင့်နေရာများတွင် တမလန်းသစ်ဖြင့် ထုလုပ်ထားသည့် ဆင်ရုပ်များ၊ ကျားရုပ်များ ထားရှိ၏။
အနက်ရောင်သစ်သားများက တောဘုရင်သတ္တဝါတို့၏ သဘာဝကို ပြည့်စုံစွာ ဖော်ပြထားနိုင်ကြသည်အထိ အားအင်ပြည့်ကာ ခန့်ညားကြ၏။ ဧည့်ခန်းကြီး၏ထည်ဝါခြင်းက မြို့ကြီးမှာကဲ့သို့ နိုင်ငံခြားဖြစ်ဆိုဖာကြီးများဖြင့် ထည်ဝါခြင်းမျိုးမဟုတ်ဘဲ ကြံ့ခိုင်သည့်အလှဖြင်ထည်ဝါခြင်းမျိုးဟု ရွက်သစ်ထင်မြင်မိပါသည်။ မြင်သမျှသည် ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်ရလောက်အောင် ဆွဲဆောင်မှုအပြည့်ရှိကြ၏။
ငေးကောင်းကောင်းဖြင့်ငေးနေမိသည်က သူတို့နောက်တွင် အိမ်ကြီးရှင်ရောက်နေသည်ကို သတိမထားမိသည်အထိပင် ဖြစ်၏။
" ဒီက မောင်ရွက်သစ်ပုံနှိုင်း မှတ်တယ် "
နောက်ကျောဆီမှ နှုတ်ဆက်သံကြောင့် နံရံသို့မျက်နှာမူနေသည့်ရွက်သစ်၏ကိုယ်လေး လှည့်လာသည်။ ရွက်သစ်၏နောက်တွင် အပြုံးမျက်နှာဖြင့် ဖော်ဖော်ရွေရွေ ရပ်နေသူတစ်ဦး။ လူသားသက်တမ်းအရ အသက်ခုနစ်ဆယ်ဟူသည် အဘိုးအိုအရွယ်ရှိပြီဖြစ်သဖြင့် ရွက်သစ်သိလိုက်သည်။ ထိုလူကြီးကား သူ့ကို ဖိတ်ခေါ်သူ ဦးရောင်ထည် ပင် ဖြစ်လိမ့်မည်။ ဦးရောင်ထည်က ခုနစ်ဆယ်အရွယ်နှင့်မမျှအောင်ပင် တက်ကြွလန်းဆန်းကာ ဖျတ်လတ်နေဆဲဖြစ်၏။
ရွက်သစ်လည်း ဦးရောင်ထည်ဘက်သို့လှည့်၍ ခေါင်းလေးငုံ့၍ နှုတ်ဆက်လိုက်သည်။
" ဟုတ်ကဲ့ ကျွန်တော် ရွက်သစ်ပုံနှိုင်းပါခင်ဗျာ၊ အဘိုးက ဦးရောင်ထည် ဖြစ်မယ်ထင်ပါတယ် "
" ဟုတ်တာပေါ့ကွယ်၊ ထိုင်ပါဦး မြေးရယ်... သမီး ရူပါ နင့်အစ်ကိုကို သွားခေါ် ခရီးရောက်မဆိုက် အိပ်မနေနဲ့လို့ "
ဦးရောင်ထည်က မိန်းကလေးတစ်ယောက်ကို ပြောလိုက်၏။ ထိုမိန်းကလေးက ရွက်သစ်နှင့် အဆင်မပြေသည့် လူကပ်ကောင်နှင့် ထပ်တူကျမျှတူလေသည်။ မိန်းကလေးနှင့် ယောက်ျားလေးမို့ ကိုယ်ခန္ဓာတည်ဆောက်ပုံကွာခြားသော်လည်း မျက်နှာလေးကမူ အမြွှာဟု ပြောရန်မလို။ တစ်ထပ်တည်းတူ၏။
YOU ARE READING
My Sweetheart Cupid
Randomဒုတိယမြောက် BL Myanmar လေးပါ Start - 11.3.24 End - 13 .6.24