၁၆

181 5 0
                                    

Uni

" အဲ့လူတွေကျ ဖူးစာမမှန်လို့လား "

သူတို့ရှေ့တည့်တည့်မှ ရန်ဖြစ်နေကြသည့် လင်မယားကိုကြည့်ကာ ဓနက မေးခြင်းဖြစ်သည်။ သူတို့နှစ်ယောက် ဓနတို့မြို့သို့ ပြန်ရောက်သည်နှင့် ရွက်သစ်က ရွာကိုသွားချင်သည်ဟု တောင်းဆိုလာသည်။ ဓနက အကျိုးအကြောင်းမေးသော်လည်း နောက်မှပြောပြမည်ဟုဆိုကာ ရွာသို့လိုက်ပို့ရန်သာ ပြောလာသဖြင့်  ဓနလည်း အိမ်မှဆိုင်ကယ်ကိုထုတ်ကာ လိုက်ပို့ရတော့သည် ။ ရွာရောက်လျှင် ရွာထဲမှအိမ်သို့ဝင်ကာ ဆိုင်ကယ်လေးကိုထား၏။ ထိုသို့ ဆိုင်ကယ်ထားပြီး ထွက်လာချိန်တွင် ဆူဆူညံညံအသံများကြားရသဖြင့် နှစ်ယောက်သား ထိုနေရာဆီသို့ ထွက်လာခဲ့မိကြခြင်း။

ထိုအချိန်တွင် ရွာနောက်ပိုင်းမှ လင်မယားနှစ်ယောက် စကားများရန်ဖြစ်ကြခြင်းပင်။ ပထမက စကားများရုံသာဖြစ်သော်လည်း တဖြည်းဖြည်းနှင့် လက်ပါကာ တုတ်တစ်ပျက် ဓားတစ်ပျက် ဖြစ်လာကြသဖြင့် ရွာလူကြီးများကိုယ်တိုင် လာရောက်၍ တားရတော့သည်။

လင်မယားနှစ်ယောက်လုံး ဆံပင်များပွယောင်းကာ အဝတ်အစားများကလည်း ဖရိုဖရဲဖြင့် ဖြစ်နေကြသည်။ ယောက်ျားဖြစ်သူ၏မျက်နှာနှင့် လည်ပင်းတို့တွင် မိန်းမဖြစ်သူ ကုပ်ခြစ်ထားသည့်လက်သည်းရာတို့ ရှိနေကာ၊
မိန်းမဖြစ်သူ၏ မေးရိုးတွင်လည်း ညိုမဲနေသည်။

ယခုတော့ ရွာလူကြီးနှင့် နှစ်ဖက်ဆွေမျိုးများရှေ့တွင် ငြိမ်ငြိမ်သက်သက် ထိုင်နေကြသည်။ ရန်ဖြစ်ရသည့် အကြောင်းအရင်းကိုမေးလျှင် မိန်းမဖြစ်သူက သူမ မှန်ကြောင်း ထပြောကာ ဖြစ်ရသည့်အကြောင်းအရင်းကို ခပ်သွက်သွက်ဖြေ၏။

" သူ ဖဲရိုက်လို့ဖြစ်တာ၊ ရှိသမျှငွေတွေ ဖဲရိုက်လို့ ရှုံးကုန်ပြီလေ၊ အခုကလေး မကျန်းမာတော့ ဆေးခန်းပြစရာ ပိုက်ဆံတောင် မရှိဘူး၊ အဲ့ဒါကြောင့် ပြောမိတော့ ပြောတဲ့မိန်းမကို လက်ပါတယ်လေ၊ အဲ့ဒါကြောင့် ဖြစ်ကြတာပါ "

ယောက်ျားအေက မိန်းမကို မကြည်လင်သည့်အကြည့်တစ်ချက်ဝေ့သော်လည်း သူ့အမှားမှန်နေသဖြင့် မျက်လွှာချသွား၏။ နေမကောင်းသည့်ကလေးလေးက နှစ်နှစ် သုံးနှစ်အရွယ်လေးဖြစ်ကာ မိဘများရန်ဖြစ်သည်ကိုကြည့်၍ ငိုထားပုံပေါ်သည်။ နေမကောင်းသဖြင့် မျက်နှာလေးနီလျက် နှုတ်ခမ်းလေးများ မဲ့ကျနေသည်။ ကရုဏာသက်ဖွယ်ပင်။

My Sweetheart CupidWhere stories live. Discover now