၄၄

171 2 0
                                    

Uni

နှစ်အနည်းငယ်ကြာပြီးနောက်......

အချိန်များကုန်လွန်သွားခဲ့လေပြီ။ ဓနလည်း အလွမ်းဝတ္ထုများကို ရေးသားရင်း ဘဝ၏အချိန်များကို ကုန်ဆုံးနေဆဲဖြစ်သည်။ သူ.... ဝတ္ထုကို ပြန်လည်ဖန်တီးသည့် ဇာတ်လမ်းတွဲက ထပ်ကာထပ်ကာပြန်လွှင့်ခြင်းခံရသည့် ဇာတ်လမ်းတွဲကောင်းတစ်ခု ဖြစ်လာသည်။

သူလည်း ဂုဏ်ယူရသည်။ သမာဓိရင်ခွင်က ချစ်ရသူမြားနတ်မောင်လေး အား ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ဖန်တီးရန် စိတ်အားထက်သန်လျက်ရှိသည်။ ဒါရိုက်တာ နွေဘုန်းသစ်က ဓနဆီသို့ အကြိမ်ကြိမ်ဆက်သွယ်လာခဲ့သည်။ သို့သော်လည်း ဓနကမူ ခေါင်းခါနေဆဲဖြစ်သည်။

ထိုဝတ္ထုကို ဒီအတိုင်းပင်ထားရှိကာ စာအုပ်အဖြစ် ထုတ်ဝေခြင်းလည်း မလုပ်ခဲ့ပေ။ ဓနအတွက် ချစ်ရသူ မြားနတ်မောင်လေးသည် ရင်တွင်းအမှတ်တရမှတ်တိုင်တစ်ခုဖြစ်လေသည်။ သူ့ရင်မှ နှလုံးသားမှတ်တမ်းတစ်ခုကို စာအုပ်အဖြစ် မှတ်ကျောက်တင်ထားခြင်းလည်း ဖြစ်သည်။

ယခုလည်း အခြားဝတ္ထုတစ်ပုဒ်ကို ဇာတ်သိမ်းရေးသားကာတင်လိုက်၏။

ဒီတစ်ခါတွင်မူ ပျော်ရွှင်စရာ ဇာတ်သိမ်းဖြင့် အဆုံးသတ်ခဲ့လေသည်။ နာကျင်ရသော ဇာတ်ကောင်များကို မြင်တွေ့ရခြင်းက သူ့ကိုယ်သူမြင်နေရသည်ဟု ထင်မြင်လာပြီးသည့်နောက်တွင် ယခုရေးသားခဲ့သည့်ဝတ္ထုကို အပျော်ရွှင်ဆုံး ဇာတ်သိမ်းလေးဖြင့် သိမ်းချုပ်လိုက်သည်။

သူ့ဇာတ်လမ်း၏ ဇာတ်သိမ်းကို တင်ပြီးသည်နှင့် သူ့စာဖတ်ပရိတ်သတ်များက တအံ့တဩဖြင့် ဖတ်ရှုကာ ကွန်မန့်များဖြင့် သူ့ကို ပြောလာကြလေသည်။

* ဒီတစ်ခါတော့ စာရေးဆရာအလွမ်းက အချစ်ဖြစ်သွားပြီကွ *

* ပျော်စရာဇာတ်သိမ်းလေးလည်း ကောင်းပါတယ် အလွမ်းရယ် *

* နောက်လည်း ခုလိုလေး ဇာတ်သိမ်းပေးပါနော် *

မန့်များစွာက သူ့ဇာတ်သိမ်းကို စိတ်တိုင်းကျနေကြသည်သာ။ သူလည်း ထိုကွန်မန့်များကိုဖတ်ကြည့်ရင်း အလိုလိုပြုံးမိ၏။

My Sweetheart CupidWhere stories live. Discover now