Uni
" အင်း ... "
" ကိုကို သတိရလာပြီလား ! "
" ဟင် ! "
အနားမှ ရူပါ့အသံကြောင့် သူ့မျက်လုံးများ ချက်ချင်းပွင့်သွားသည်။ ရူပါက သူ့အနားတွင်ထိုင်နေရင်း သူ့နဖူးသို့ သူမလက်ဖဝါးလေးဖြင့် ကိုယ်ပူစမ်းသပ်နေ၏။
" တော်သေးတယ် မပူတော့ဘူး "
ရူပါက စိတ်အေးသွားသည့်နှယ် သက်ပြင်းချသည်။
" မြေး သက်သာရဲ့လား "
ဘိုးဘိုးက ကုတင်တစ်ဖက်ခြမ်းတွင် ထိုင်နေပြီး ဓနကို စိုးရိမ်စွာငုံ့ကြည့်နေရင်း မေးလာသည်။ ဓနသည် ညီမနှင့် အဘိုးဖြစ်သူကိုပြန်ကြည့်ရင်း သူမည်သို့ဖြစ်သွားရသည်ကို ပြန်စဉ်းစားနေမိလေသည်။ သူ့တစ်ကိုယ်လုံးသည် နွမ်းလျနေပြီး ညောင်းညာနေ၏။ သူခေါင်းသည် မူးဝေနေကာ ရက်အတန်ကြာအိပ်ပျော်နေသူကဲ့သို့ ဖြစ်နေလေသည်။ ထို့ကြောင့် သူသည် ယခင်နေ့မှ အဖြစ်အပျက်များကို ရုတ်တရက်သတိမရနိုင်ဘဲ ရှိလေသည်။
ရူပါကမူ သူမအစ်ကို၏ အေးစက်လွန်းနေသည့် အပြုအမူအတွက် အားမရဖြစ်နေရှာသည်။ ထို့ကြောင့် ပခုံးတစ်ဖက်သို့ အသာဆုပ်ကိုင်ကာ နူးညံ့စွာ မေး၏။
" ကိုကို ဘာဖြစ်လို့လဲဟင်၊ တစ်နေရာရာက နေထိုင်မကောင်းသေးဘူးလား၊ ဆရာဝန် ခေါ်လိုက်မယ်လေနော် "
" ရူပါ "
ဓနက ရူပါ့လက်တစ်ဖက်ကို ဆွဲထားရင်း ထထိုင်လာသည်။ ရူပါကလည်း ထူးသည်မမည်သော အသံဖြင့် ပြန်ကြည့်၏။
" ဟင် ကိုကို ! "
" ငါ ငါ ဘာဖြစ်သွားတာလဲ "
" ဟောတော့ ! "
ရူပါက အတိတ်မေ့သူကဲ့သို့ မေးမြန်းလာသူအားကြည့်ကာ တအံ့တဩ ရေရွတ်၏။ ဓနက သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထိုးဖွကာ သူ့အနေအထားကို အားမရစွာ ဆိုသည်။
" ငါ ခေါင်းတွေမူးနေတာ၊ ငါအရင်နေ့က ဘာဖြစ်တာလဲ မသိတော့ဘူး၊ ငါအခု ဖျားနေတာလား "
ရူပါက ဓနကိုကြည့်ကာ သက်ပြင်းလေးချ၏။ တစ်ရက်တိုင်တိုင် အဖျားကြီးကာ သတိလစ်နေသဖြင့် အစ်ကိုဖြစ်သူ ရုတ်တရက် စဉ်းစားမရဖြစ်နေခြင်းက ဖြစ်သင့်သည်ဟုသာ ဖြည့်တွေးလိုက်သည်။
YOU ARE READING
My Sweetheart Cupid
Randomဒုတိယမြောက် BL Myanmar လေးပါ Start - 11.3.24 End - 13 .6.24