Uni
ညသန်းခေါင်ယံ.....
ဖြူလွလွပုံရိပ်လေးက မြို့အပေါ်တွင် ဝဲပျံ၍သွားသည်။ သူ့အကြည့်တို့က မြို့တစ်ခုလုံးကို ခြုံငုံကြည့်ရှုနေလေသည်။ သူသည် တစ်စုံတစ်ယောက်ကို ရှာဖွေနေပုံပေါ်ပြီး မျက်လုံးများက စူးရှနေကြသည်။
ထိုပုံရိပ်ဖြူလေးသည် ရွက်သစ်ပုံနှိုင်းပင်ဖြစ်လေသည်။ သူသည် မြားနတ်မောင်တစ်ယောက်၏ ဘဝကို ပြန်လည်ရယူကာ တောင်ပံတစ်စုံကို အသုံးပြုလျက် ယနေ့ညထွက်လာခဲ့ခြင်းဖြစ်သည်။ သူမြားနတ်မောင်အဖြစ် ထွက်လာခဲ့ရသည့် အကြောင်းအရင်းက မြို့လေးတွင် လတ်တလောတွင်ဖြစ်ပွားထားသည့် ရက်စက်သည့်လူသတ်မှုကြောင့်ပင်ဖြစ်သည်။
ထိုလူသတ်မှုကိုကြားသည်နှင့် သူ လိုက်လံစုံစမ်းကြည့်ခဲ့သည်။ လုံလောက်သည့်သက်သေမျိုး မရရှိခဲ့သော်လည်း ထိုလူသတ်မှုကို ရုက္ခကျူးလွန်ခဲ့သည်ဟု ထင်ပါသည်။ မသေချာသည့် ယူဆချက်ဖြစ်သဖြင့် ကိုယ်တိုင်မျက်မြင်တွေ့ရန် တိတ်တိတ်ထွက်လာခဲ့ခြင်းဖြစ်သည်။
ဖြူဆွတ်သည့်တောင်ပံအနားသတ်တို့က လရောင်အောက်တွင် တဖျတ်ဖျတ် တောက်ပနေလေသည်။ မြို့လယ်ရှိမြင့်မားသည့် ညောင်ညိုပင်ကြီး၏ ထိပ်ဖျားတွင်ရပ်ကာ သူ မြို့လေးသို့ စိုက်ကြည့်နေမိ၏။ မြားနတ်မောင်အဖြစ် မရှင်သန်တော့ဘဲ လူသားတစ်ယောက်အဖြစ်ရှင်သန်ရန် သူဆုံးဖြတ်ထားခဲ့သော်လည်း မဖြစ်သာသော အခြေအနေမို့ သူ ထွက်လာခဲ့ရပြန်သည်။
" ဖျတ် ဖျတ် ဖျတ် ဖျတ် "
မြို့တောင်ဘက်အစွန် ပင်တန်းတစ်ချို့ဆီမှ အိပ်တန်းဝင်ငှက်များထပျံလာသည်ကို မြင်လိုက်ရသည်။ ရွက်သစ်၏အကြည့်များက ထိုနေရာသို့ ကျရောက်သွားပြီး ချက်ချင်းပင် ထိုနေရာသို့ ဦးတည်ပျံသန်းလိုက်သည်။
" ဝုန်း ! ဝရုန်း ! "
ရုန်းကန်နေသံများ၊ တိုက်ခိုက်သံများကို ကြားလိုက်ရကာ ထိုနေရာကို သူ အပေါ်စီးမှမိုးကြည့်လိုက်၏။
လူတစ်ယောက်နှင့်တိုက်ခိုက်နေသည့် အနက်ရောင်သဏ္ဌာန်တစ်ခုကိုမြင်ရသည်။ မြင့်မားသည့်သွင်ပြင်က ထိုလူသားအပေါ် အရက်စက်ဆုံး လိုက်လံတိုက်ခိုက်နေလေသည်။
YOU ARE READING
My Sweetheart Cupid
Rastgeleဒုတိယမြောက် BL Myanmar လေးပါ Start - 11.3.24 End - 13 .6.24