၃၂

143 1 0
                                    

Uni

သူပိုဂရုစိုက်ခဲ့ရမှာ....

အခါခါတွေးမိသည်က ဤအတွေးစကားတစ်ခွန်းကိုသာ။ ရွက်သစ်လည်း ဓန၏ လူနာကုတင်အနားတွင်ထိုင်ရင် ငိုင်နေမိသည်။ ဓန၏ မေ့မြောနေသည့်မျက်နှာက သူ့နောင်တတို့ကို ထပ်ဆင့်တိုးပွားလာစေသည်။

ဓန၏ အတိတ်ကံသည် ယခုဘဝသို့တိုင် သံသရာလည်နေဆဲဖြစ်သည်။ သူသာ မှန်မှန်ကန်ကန်ရွေးချယ်ပေးနိုင်ခဲ့ပါလျှင် ဓနလည်း ဤသို့ ထိခိုက်ဒဏ်ရာရလိမ့်မည်မဟုတ်ပေ။

အ‌တွေးတို့ဖြင့် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရင်း ဓန၏လက်တစ်ဖက်ကို ထွေးဆုပ်ထားမိလေသည်။ ဦးရောင်ထည်က ဓနကို ရန်ကုန်သို့သွားရောက်ကုသရန် ဆရာဝန်ကြီးများနှင့် သွားရောက်ဆွေးနွေးနေသည်။

ရူပါက အိမ်သို့ပြန်ကာ လိုအပ်မည့် အသုံးအဆောင်များကို သွားယူနေ၏။ ထို့ကြောင့် ရွက်သစ်တစ်ယောက်သာ ဓနအနားတွင်ရှိနေရခြင်းဖြစ်သည်။

" မင်း သတိရလာပါတော့ ဓနရယ်... ငါ့အပြစ်တွေပါ ငါမင်းကို အခုထက်ပိုပြီး ဂရုစိုက်ခဲ့သင့်တာ "

ရွက်သစ်က သူ့ကိုယ်သူသာ အပြစ်တင်နေမိသည်။ ဓန သတိရလာစေရန် သူ့အနမ်းဖြင့် ကုသရန် စဉ်းစားမိသော်လည်း ဓန ဒဏ်ရာကပြင်းထန်ပြီး လူများရှေ့တွင်ဖြစ်သဖြင့် သူ ကုသ၍မဖြစ်ပေ။ နေ့တွင်းချင်း ဒဏ်ရာကြီးက အမာရွတ်ပင်မကျန်ဘဲ ပျောက်ကင်းသွားပါက အားလုံးက ထူးဆန်းနေကြလိမ့်မည်။ ထိုအခါ မလိုအပ်သော ပြဿနာများဖြစ်လာနိုင်လေသည်။ ထို့ကြောင့် ရွက်သစ်လည်း ဓန၏ လက်ခုံသို့ အသာထွေးဆုပ်ထားရင်းသာ ဆုတောင်းနေရုံတတ်နိုင်တော့သည်။

" ငါ တောင်းပန်ပါတယ် ဓနရယ်... မင်းသတိရလာပါတော့ "

ရွက်သစ် တိုးတိုးပြောနေမိသည်။ ဓန ဒဏ်ရာရသွားသည်ကို မြင်လိုက်ရသည့် သူ့စိတ်သူလည်း နားလည်လာခဲ့၏။ သူ ဓနကို အဆုံးရှုံးမခံနိုင်ပေ။

ထိုစိတ်သည် ရိုးသားသည်ဖြစ်စေ ဆန်းပြား‌သည်ဖြစ်စေ သူ ဓနကို မထိခိုက် မနာကျင်စေချင်သည်က သေချာပါသည်။

" မင်း သတိရလာဖို့ ဘာမဆို ငါလုပ်ပေးနိုင်တယ်ဓန မင်းသိရဲ့လား ငါမင်းကို အဆုံးရှုံးမခံနိုင်ဘူးဆိုတာ၊ မင်း သတိရလာပါတော့ "

My Sweetheart CupidWhere stories live. Discover now