9

168 1 0
                                    

Uni

" တော်ပါသေးရဲ့ "

တစ်ယောက်တည်း စိတ်သက်သာရာရစွာ ပြောလိုက်မိသည့်စကားပင်။ သူ ရွက်သစ်ကို စိတ်မချ၍ အိပ်ခန်းထဲသို့ လာကြည့်ခြင်းဖြစ်သည်။ သို့သော် ထိုလူပေါက်စက သူထင်သကဲ့သို့ ဖျားနာခြင်း၊ ကြောက်ရွံ့နေခြင်းများ ဖြစ်မနေပေ။ ထို့ကြောင့် စိတ်သက်သာရာရစွာ ပြောလိုက်မိခြင်း။

အသံနှင့်အတူ သူ လှည့်ထွက်ခဲ့၏။ အိပ်ခန်းအပြင်သို့ရောက်သော် ရွက်သစ်၏ အိပ်ခန်းတံခါးရှေ့သို့ရောက်နေသည့် ဒီရေကို တွေ့ရလေသည်။

ဒီရေက ဓနကို အံ့ဩသည့်အကြည့်တစ်ချက်ဝေ့၏။ ဓနကို သူ့ဆရာ၏ အိပ်ခန်းရှေ့တွင် မြင်ရလျှင်ပင် ထူးဆန်းနေပြီဖြစ်သည်။ ယခုကမူ ဆရာ့အိပ်ခန်းထဲမှ ထွက်လာသဖြင့် ထိုဂရုစိုက်မှုကြီးက ဒီရေအတွက် အလွန်ပင် ထူးဆန်းဖွယ်ကိစ္စကြီးဖြစ်သွား၏။ ဖြစ်ကြောင်းကုန်စင်ကို မသိထားသူ ဒီရေအတွက် ဓနသည် ရွက်သစ်ကို အမြင်မကြည်သည့် လူ့ဂွစာတစ်ယောက်မျှသာ ဖြစ်နေသေးသည်။

" ဓန ? "

" အင်း ဟုတ်တယ်၊ ခင်ဗျား ဆရာဆီ လာတာလား "

" ဟုတ်တယ် ၊ ဓနကရော "

" ကျွန်တော် သူ့ကို မေးစရာလေးရှိလို့လာတာ၊ ဒါပေမယ့် သူအိပ်နေပြီမို့ မနက်မှ မေးတော့မယ် "

" ဟင် ? ဆရာက အိပ်နေပြီလား "

ဒီရေက မယုံနိုင်ဟန်မေးနေသေးသည်။ သူ့ဆရာသည် ညဘက်များတွင် အိပ်ရန်ခက်ခဲသည်ကို သူ အကြိမ်ကြိမ်တွေ့ဖူးသဖြင့် ကိုးနာရီခွဲဟူသော အချိန်က ရွက်သစ်အတွက် အိပ်မောကျနိုင်မည့်အချိန် မဟုတ်သေးပေ။

" အင်း သူအိပ်နေပြီ ၊ ဘာဖြစ်လို့လဲ "

" ဟုတ်ပါပြီ ဒါဆိုလည်း ပြီးတာပါပဲ၊ ဆရာက ညဘက် စောစောအိပ်ရာဝင်တတ်တဲ့သူ မဟုတ်လို့ နည်းနည်း အံ့ဩသွားလို့ပါ၊ ညဈေးလျှောက်လိုက်ရတာ ဆရာ ပင်ပန်းသွားတယ်ထင်တယ် "

ဒီရေက သူ့ဟာသူပင် ကောက်ချဆွဲကာ ဓနအနားမှ ထွက်သွားလေသည်။ ဓနလည်းအိပ်ခန်းတံခါးသို့ တစ်ချက်ပြန်ကြည့်မိသေး၏။ ရင်ဝသို့ မြှားဖြင့်ထိုးစိုက်ခံရသည့်တိုင် မသေနိုင်သည့် ထိုမြှားနတ်မောင်သည် မည်သည့်အတွက် လူယောင်ဆောင်ထားရသည်ကို မနက်ခင်းတွင် မေးမြန်းရလိမ့်ဦးမည်။

My Sweetheart CupidWhere stories live. Discover now