၁၉

143 1 0
                                    

Uni

" ကျွန်တော် မကြာခင် ပြန်ဆက်သွယ်လိုက်ပါ့မယ် "

ဖုန်းပြောရင်း စိတ်ထဲတွင် တစ်မျိုးခံစားလာရသဖြင့် ဆတ်ခနဲလှည့်ကြည့်လိုက်၏။ ထိုအခါ ရိပ်ခနဲကွယ်ပျောက်သွားခဲ့သည့် ခေါင်းလုံးလေးကို မြင်လိုက်ရသည်။

သေချာသည်က ထိုတစ်ယောက်သည် ဓန တွေ့ချင်နေခဲ့သည့် တစ်စုံတစ်ယောက်ပင်ဖြစ်၏။ လွန်ခဲ့သည့်ရက်ပိုင်း ရုက္ခ၏အိမ်မှ ပြန်လာကတည်းက ရွက်သစ်နှင့်ဓနတို့ စကားကောင်းကောင်းမပြောဖြစ်ခဲ့သည်မှာကြာချေပြီ။

ဓနသိချင်နေသည့်အကြောင်းကို  ပြောပြရန်ငြင်းဆန်ခဲ့ပြီးသည့်နောက် ရွက်သစ်က ဓနနှင့် နှစ်ယောက်တည်းတွေ့ခြင်းမှ ရှောင်ဖယ်နေခဲ့ခြင်းလည်းဖြစ်သည်။ ဓနကိုယ်တိုင်ကလည်း ဘိုးဘိုး၏ ပွဲရုံလုပ်ငန်းများကို လိုက်လံကူညီပေးနေရသဖြင့် မအားလပ်ခြင်းကြောင့်လည်း သူတို့တွေ့ရသည့်အချိန်က နည်းသွား၏။

" ဟုတ်ကဲ့ ဒါပဲနော် နောက်မှဆက်ပြောကြရအောင် "

ဓနလည်း စကားဖြတ်လိုက်ပြီး ဖုန်းချလိုက်သည်။ ထို့နောက် လူကွယ်ရပ်ဖြစ်သည့် ထိုထောင့်ချိုးလေးဆီသို့ ဦးတည်လိုက်၏။

အိမ်ကြီး၏နောက်ဖေးဘက်ဖြစ်ပြီး အပင်ရိပ်များနှင့် အေးချမ်းသည့် နေရာဖြစ်သဖြင့် သူတို့အေးအေးဆေးဆေးဖုန်းပြောချင်တိုင်း ဒီနေရာသို့သာ ထွက်လာနေကျဖြစ်သည်။ ရွက်သစ်ကလည်း ဒီနေရာတွင်လမ်းလျှောက်နေကျဖြစ်သဖြင့် ဓနလည်း ဒီနေ့ ဒီအချိန် ဒီနေရာသို့လာကာ အသာစောင့်နေခဲ့မိခြင်း။ ထိုသို့စောင့်နေရာမှ ဖုန်းဝင်လာသဖြင့် ‌ဖုန်းပြောနေမိခြင်းဖြစ်၏။

စာတိုက်မှဖုန်းဖြစ်ကာ ဓန စာအုပ်သစ်မထုတ်ဖြစ်သေးလျှင်လည်း ယခင်စာမူများမှ နာမည်ကြီး စာအုပ်ကို ဒုတိယအကြိမ်ပြန်လည်ထုတ်ဝေရန် ခွင့်တောင်းလာခြင်းဖြစ်လေသည်။

ဓနကိုယ်တိုင်ကလည်း ထိုသို့ပြန်လည်ထုတ်ဝေခြင်းက မဆိုးဟုယူဆထားသည်။ သူကိုယ်တိုင် နောက်ထပ်စာအုပ်မထုတ်နိုင်သေးသည့်တိုင် သူ့စာဖတ်သူများနှင့် အဆက်အသွယ်ပြတ်တောက်မသွားစေနိုင်သည်က သည်နည်းလမ်းသာရှိ၏။ ထို့ကြောင့်လည်း ဓနကိုယ်တိုင် လိုလိုလားလား သဘောတူလိုက်သည်။

My Sweetheart CupidWhere stories live. Discover now