Kiss Husband - 208
အပိုင်း (၂၀၈)
သတင်းအဖွဲ့၏ ဂျာနယ်လစ်များက 'ရွှီယိကျစ်'ဟူသည့်နာမည်ကို ကြားလျှင် မသိလိုက်မသိဘာသာဖြင့် တုန်ယင်သွားကြပြီး စိတ်ထဲတွင်မကောင်းသည့်ခံစားချက်ရမိကြသည်။ ဖြန့်ချီရေးဒါရိုက်တာက သူတို့ကို ရွှီယိကျစ်နောက်လိုက်ခိုင်းနေတာများလား။
အဲဒါက သူတို့ကို ငရဲတံခါးဝပို့နေတာပဲမဟုတ်ဘူးလား။
"ဒါရိုက်တာ တခြားတစ်ယောက်ရွေးရင်ရော? ကျွန်တော်တို့ သူ့ကိုဓာတ်ပုံရိုက်ပြီး သူ့အကြောင်းသတင်းရေးရင်တောင် ကျွန်တော်တို့ မဂ္ဂဇင်းထဲထည့်ရဲမှာမဟုတ်ဘူးဗျ။"
"ဟုတ်တယ်၊ အရင်က တချို့မဂ္ဂဇင်းအတော်များများက 'ရွှီအုပ်စု'ဥက္ကဌပုံ ထည့်ဖူးတယ်လို့ကြားဖူးတယ်၊ ပြီးကျ အဲ့နေ့မှာပဲ ရှေ့နေဆီက စာရောက်လာတယ်တဲ့၊ အဲဒီနောက်တော့... အဲဒီမဂ္ဂဇင်းတွေ နာမည်တောင် ထပ်ပေါ်မလာတော့ဘူး။"
ဖြန့်ချီရေးဒါရိုက်တာ၏မျက်လုံးထဲတွင် လေးနက်မှုတစ်စွန်းတစ်စ ရှိနေပြီး ရုတ်တရက်အကြံရသွား၏။
"နင်ပြောတာ အမှန်ပဲလား။"
"လုံးဝအမှန်ပဲ။"
"ဒါရိုက်တာ၊ တခြားတစ်ယောက်နဲ့ပဲ သတင်းခေါင်းစီးရှာကြရအောင်ပါ။"
သူတို့ ဖြန့်ချီရေးဒါရိုက်တာထံမှ တစ်ခုခုကြံစည်နေသည့်အနံ့မျိုး ရလိုက်၏။
"နင်တို့ဒီမှာနေခဲ့၊ ငါပြန်မလာမချင်း အပြင်ကို ခြေတစ်လှမ်းမှ မလှမ်းကြနဲ့နော်၊ နားလည်လား။"
ဖြန့်ချီရေးဒါရိုက်တာက သူတို့ကို ခပ်စူးစူးကြည့်လိုက်သည်။
"ရှင်းလား။"
လူတစ်စုမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ကျန်ခဲ့ကြလေသည်။
အယ်ဒီတာရုံးခန်းထဲတွင်။
"ဒေါက်__ဒေါက်__"
"ဝင်ခဲ့ပါ။"
မုန့်ရှင်းယန်က စာရွက်စာတမ်းများကို ပြန်လှန်ဖတ်နေခြင်းဖြစ်သည်၊ သူမ မော့ကြည့်လိုက်သောအခါ သူမ လုပ်နေသည်များကို ရပ်တန့်လိုက်၏။