အပိုင်း (၂၇၄)
ရွှီယိကျစ် ရယ်လိုက်ပြီး လင်ရှီး၏လေသံကို အတုယူကာ ပြန်ပြောလိုက်၏
"မင်းရော ကိုယ့်ဆီက အအီခံနေရတာ သေချာရဲ့လား "
"....."
လင်ရှီး ထွက်သွားပြီးနောက် ရွှီယိကျစ်က ချီကျင့်ယွီကို ချက်ချင်း ရုံးခန်းထဲခေါ်လိုက်၏။
"ကော မရီးက ဘာလို့ဒီလောက်မြန်မြန်ပြန်သွားတာလဲ။"
ထို့နောက် ရုတ်တရက် ဤသည်က အရေးကြီးအချက်မဟုတ်ကြောင်း သတိရသွားသည်။
"အော မဟုတ်သေးဘူး၊ ကော ဘာလို့ မရီးနဲ့အတူ ပြန်မလိုက်သွားတာလဲ။"
"အင်းးး..."
ရွှီယိကျစ်က ခုနကအကြောင်းအရာလေးကို စားမြုံ့ပြန်နေဆဲဖြစ်သည်။
ရွှီယိကျစ်၏ 'အင်းးး...'ကို ကြားပြီးနောက် နောက်ထပ် ဘာသံမှထွက်မလာတော့ပေ။ ချီကျင့်ယွီ ကူကယ်ရာမဲ့သွားရသည်။ မရီးကတော့ တစ်နေ့လုံး ဒီလိုဘာမှမသိဘဲ ဟာသဉာဏ်လည်းမရွှင်တဲ့လူတဲ့ မျက်နှာချင်းဆိုင်နေရတယ်လို့နော်၊ မပင်ပန်းဘူးလားမသိ။
"မင်း ရည်းစားထားဖူးတဲ့အတွေ့အကြုံရှိလား။"
ရွှီယိကျစ် ရုတ်တရက် မေးလာ၏။
"အတွေ့အကြုံလား၊ ဒါဖြင့် ကျွန်တော့်မှာ အများကြီးရှိတာပေါ့။"
သူ တစ်ခုခုသဘောပေါက်သွားသည့်ပမာ ရုတ်တရက် ရှေ့တိုးလာပြီး မေး၏။
"ကောကို ကျွန်တော် အကွက်လေးနည်းနည်းသင်ပေးရမလား၊ မရီးသဘောကျမယ်ဆိုတာ အာမခံတယ်။"
"မင်းပြောကြည့်ကြည့်လေ။"
"မိန်းကလေးတွေကလေ သူတို့ရူးသွပ်တာတစ်ခုတော့ ရှိကြတယ်၊ ဈေးပတ်တာ၊ အိတ်ဝယ်တာ၊ အဝတ်အစားဝယ်တာ..."
"ရပ်တော့၊ မင်းလစ်လို့ရပြီ။"
ချီကျင့်ယွီ စကားမဆုံးသေးခင်မှာပဲ ရွှီယိကျစ် ဖြတ်ပြောလိုက်သည်။
"ကောကို မရီးကိုချုပ်ဖို့အကွက်လေးတွေ သင်ပေးနေတာလေ၊ ကျွန်တော့်ကို ဘာကိစ္စ ထွက်သွားခိုင်းနေတာတုန်း။"