အပိုင်း (၂၉၃)
မြေပေါ်လှဲနေသော လီမင်မှာတော့ သူ့လက်ဖဝါးတွင် ချွေးများသီးလာသည်ကိုသာ ခံစားရလေသည်။ ဆောင်းတွင်းကြီးဖြစ်သော်လည်း ကျောပြင်တွင် ခံစားနေရသော မြေကြီးက အင်မတန်ပူနေသယောင်။
စိတ်ကြောင့်ဖြစ်မည်ထင်သည်!
မျက်လုံးများမှိတ်ထားသောလီမင်မှာ အလွန်အမင်း စိတ်များရှုပ်ထွေးနေပြီး တစ်ချိန်တည်းမှာပဲ စိတ်လည်းလှုပ်ရှားကာ မျှော်လည်းမျှော်လင့်နေမိသည်။
"ရဲဘော်၊ ငါပြောတာကြားရလား၊ 1001.... 1006..."
လင်ရှီး၏လက်က သူ့ရင်ဘတ်ပေါ်ဖိလာသည်ကို ခံစားရသောအခါ သူ တွေးမိသည်၊... သူ့ရင်ခုန်သံများ တအားမြန်နေသည်ကို သူမ ခံစားမိလောက်၏။
'ချီကျင့်ယွီ'မှာတော့ သည်းခံထားရန် ကြိုးစားနေရသည်၊ သူ့လက်တွင် သွေးကြောပြာများပင် ထောင်ထလာ၏၊ သူ တအားပင် သူတို့မျက်နှာများကို သွားဆွဲခွာချင်မိသည်၊ သို့သော် သူ့အကြည့်များက လင်ရှီးကိုယ်ပေါ်တွင်သာ ကပ်နေလျက် လှုပ်လို့မရနိုင်ပေ။
လင်ရှီး ရင်ဘတ်ဖိခြင်း အချက် ၃၀ ပြီးသွားသည်နှင့် လီမင်မှာ သူ့နှလုံးခုန်သံများက ပို၍မြန်မြန်လာသည်ကိုသာ ခံစားရလေသည်...။
ရုတ်တရက်...
"ဒုန်း။"
'ချီကျင့်ယွီ'မှာ ဘာလက္ခဏာမှမပြဘဲ မြေပေါ်ပစ်လဲသွားလေသည်။
ဘေးတွင်ရပ်နေသော ယွီကျားယင်ပင် ဘာမှမတုံ့ပြန်လိုက်ရပေ။
အဖွဲ့ခေါင်းဆောင်က ချက်ချင်းရောက်သွားသည်။
"ချီကျင့်ယွီ ဘာဖြစ်သွားတာလဲ။"
လင်ရှီးလည်း ထရပ်ပြီးနောက် ချီကျင့်ယွီ မေ့လဲသွားသည်ကို တွေ့လိုက်ရလျှင် စိုးရိမ်နေသောမျက်နှာဖြင့် အမြန်ပြေးလာလိုက်၏။
လီမင် မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်မိသည်၊ သူ့ရင်ထဲ တမျိူးတမည်စိတ်အေးသွားသော်လည်း တစ်စုံတစ်ရာဆုံးရှူံးသွားသလိုခံစားချက်မျိုး ရလိုက်၏။
"ချီကျင့်ယွီ၊ ချီကျင့်ယွီ၊ ငါတို့ပြောတာ ကြားရလား။"
"အဖွဲ့ခွဲခေါင်းဆောင်၊ သူ့ကို ဆေးပေးခန်း လိုက်ပို့လိုက်ပါ။"