အပိုင်း (၂၅၇)
ဖေရှန်း တစ်ခဏမျှတိတ်သွားပြီးနောက် သက်ပြင်းချလိုက်သည်။
"အခု ကျွန်မက ရှင့်ကိုနောက်နေတယ်ထင်လား။"
ဖေရှန်း၏စကားကိုကြားလျှင် လင်ရှီး မျက်လုံးများ ရုတ်တရက် ဆတ်ခနဲတွန့်သွားပြီး နှလုံးခုန်ပင်ရပ်သွား၏။
"ဖေကျဲ တကယ်.. တကယ် ကျွန်မအိမ်ရှေ့ရောက်နေတာလား။"
"ထွက်လာပြီး တံခါးဖွင့်ပေးဦးလေ။"
လင်ရှီးက အလျင်အမြန်ဖုန်းကိုကာထားလိုက်ကာ ထိုင်ခုံမှ ခုန်ထပြီး တံခါးဆီအပြေးသွား၍ လျှပ်စစ်ချောင်းကြည့်ကင်မရာမှတစ်ဆင့် ကြည့်လိုက်၏
ချီး၊ စုန်းမကြီးက တကယ်ရောက်လာတာပဲ၊ မနက်တုန်းက ဖေကျဲ ထိုအဝတ်အစားပဲ ဝတ်ထားသည်ကို သူမ မှတ်မိသည်။ လင်ရှီး ရုတ်တရက် ခြေလက်များအေးလာသလို ခံစားလိုက်ရပြီး ဖုန်းကိုကိုင်ထားသောလက်မှာ ထပ်ခါထပ်ခါ တုန်ယင်သွားမိသည်။
"ဖေ..ဖေကျဲ၊ ကျွန်မအိမ်ကို ဘယ်လိုသိတာတုန်း၊ မှားနေတာမဖြစ်နိုင်ဘူးလား။"
"လင်ရှီး ကျွန်မကို ဆင်ခြေတွေလာမပေးပါနဲ့၊ ရှင် အိမ်မှာရှိနေမှန်း ကျွန်မသိတယ်၊ ထွက်လာပြီး တံခါးဖွင့်ပေးချေ။"
ဖေရှန်းက အလေးအနက်လေသံဖြင့် ပြော၏။
ဖေရှန်းမှာ သူမကို အထူးတလည်ရှာတေွ့ခဲ့သည်ပင်၊ ထို့ကြောင့် နေရာမှားနေသည်ကို မယုံချေ။
လင်ရှီးမှာ ပြေးမလွတ်နိုင်တော့မှန်းသိ၍ ဦးနှောက်ကို အမြန်အသုံးချလိုက်သည်။
"အင်းပါ ဖေကျဲ ကျွန်မကို အချိန် ၁၀မိနစ်လောက်ပေးနော်၊ ကျွန်မ ရေချိုးခန်းထဲ ခေါင်းလျှော်နေတုန်းမို့။၊"
"ဟုတ်ပါပြီ မြန်မြန်လုပ်။"
ဖုန်းချလိုက်ပြီးနောက် လင်ရှီး၏မျက်နှာမှာ အလွန်အမင်းစိုးရိမ်နေပုံပေါက်နေလေသည်။
"သွားပြီသွားပြီ၊ သူသိသွားရင် ငါတော့သေပြီ။"
လင်ရှီး ဂနာမငြိမ်ဖြစ်နေသည်ကိုမြင်လျှင် ရွှီယိကျစ် မေးလိုက်၏။