အပိုင်း (၂၈၂)
ပင်းယန်ယန်ပြောသည်ကိုကြားသောအခါ လင်ရှီး မသိမသာခေါင်းယမ်းသည်။
"သူ့မှာ ကြီးကျယ်နိုင်တဲ့အရည်အချင်း မရှိပါဘူး၊ နင် နောက်ဆိုသိလိမ့်မယ်။"
ခဏအကြာ ရှန်ပင်းချန့် ပြန်လာ၏၊ ပင်းယန်ယန် သူမကို လှောင်ချင်မိသည်၊ သို့သော် ပြန်တွေးကြည့်ပြီးနောက်မှာတော့ ထိုသို့သောလူမျိုးနှင့် လျှော့၍အဆက်အဆံလုပ်တာ ကောင်းလိမ့်မည်။
ရှန်ပင်းချန့်မှာ တစ်ဖက်က အိပ်ရာခင်းရင်း တစ်ဖက်က ပွစိပွစိပြောနေသည်။
"ငါပြောမယ်ဟာ၊ မိန်းကလေးတွေမှာ အရေးအကြီးဆုံးက ဒီမျက်နှာလေးပဲလေ၊ သရုပ်ဆောင်တွေအတွက်ဆို ပိုတောင်ဟုတ်သေးတယ်၊ဒီစုတ်ပြတ်နေတဲ့နေရာမှာတော့ skincare နဲ့ အလှပြင်ပစ္စည်းတွေတောင် လက်မခံဘူးတဲ့၊ လူကို ဘယ်လိုနေစေချင်နေတာတုန်း။"
လင်ရှီးနှင့် ပင်းယန်ယန်တို့မှာ မိမိပစ္စည်းများကိုသာ စီရီနေကြပြီး သူမကို လျစ်လျူရှုထား၏။
ရှန်ပင်းချန့်က ပြောနေဆဲပင်။
"ငါနင်တို့ကိုစကားပြောနေတာလေ၊ နင်တို့ ဘာလို့တစ်ယောက်မှငါ့ကို အရေးမလုပ်ကြတာလဲ။"
သူမ၏ မမလေးလိုအကျင့်စရိုက်များ စပေါ်လာတော့သည်။
အကယ်၍ သူမ အပြင်မှာသာ ထိုစကားမျိုးပြောလျှင် လင်ရှီးနှင့် ပင်းယန်ယန်တို့က သူမအား ဝိုင်းနှိပ်ကွပ်နေကြသည်ဟု လူအများက ထင်ပေရော့မည်။ လင်ရှီးမှာ စောင်ကို 'တို့ဖူးတုံး'လို ခေါက်လိုက်ပြီးနောက် အပေါ်ထပ်ကုတင်ပေါ် တင်လိုက်၏
"နင်က ငါတို့ဆီက တအားကိုအရေးလုပ်ခံချင်မှတော့ ငါ နင့်ကိုတစ်ခုမေးမယ်၊ ငါကိုယ်တိုင်ရေးထားတဲ့သီချင်းတွေက ဘယ်အချိန်က နင့်အယ်လ်ဘမ်ထဲ ပါလာရတာလဲ။"
ရှန်ပင်းချန့်၏ အမူအရာမှာ တောင့်တင်းသွားပြီး သူမ အိပ်ရာတစ်ဖက်ရှိ ပင်းယန်ယန်ကို တစ်ချက်ကြည့်လိုက်၏။
"လင်ရှီး၊ ငါရှင်းပြတာ နားထောင်ပါဦး၊ ငါလည်း အတင်းဖိအားပေးခံရတာပါ။"