အပိုင်း (၂၉၀)
လင်ရှီး မိမိလေ့ကျင့်ခဲ့သည်များက အလကားမဖြစ်ကြောင်း သိလိုက်ရသောအခါ စိတ်ထဲ ဖြည်းဖြည်းချင်း စိတ်လှုပ်ရှားမိ၏၊ တောင်ပေါ်က လေ့ကျင့်ရေးများက ဒီလောက်ထိရောက်မည်ဟု သူမ ထင်မထားခဲ့ချေ။ ထိုအချိန်ကတော့ သူမ လေးခွနဲ့ သဲအိတ်များကိုသုံး၍ အချိန်အဆများ လေ့ကျင့်ခဲ့ရပေမယ့်ပေါ့။
အဖွဲ့ခေါင်းဆောင်ကို အမှန်အတိုင်းသာပြောလိုက်လျှင် သူ ယုံမည်မဟုတ်ချေ။
"မင်းအခွင့်အရေးကတော့ နောက်ထပ်လေ့ကျင့်ရေးတစ်ခုဖြစ်တဲ့ အရေးပေါ်ကယ်ဆယ်ရေးမှာ လူရွေး အဖွဲ့ဖွဲ့ခွင့်ရှိမယ်။"
အရေးပေါ်ကယ်ဆယ်ရေး? လင်ရှီး အသက်ရှိုက်ရှူလိုက်မိသည်၊ သူမ အရင်ဘဝက ဒီဗီတွင် ထိုအစီအစဉ်ကိုကြည့်ဖူး၏၊ သေချာပေါက် မျက်လုံးများပင် ပူစပ်၍ ဆက်မကြည့်နိုင်လောက်အောင်ဖြစ်စေသော ကဏ္ဍပင်။
ဒါ ဘယ်နားမှာ ဆုနဲ့တူနေလို့တုန်း၊ လုံးဝ လူမုန်းများစေတဲ့ဟာကြီးပဲလေ!
ရှန်ပင်းချန့်မှာ ခေါင်းဆောင်က ဆုချမည်ဟုပြောသည်ကိုကြားလျှင် ဘယ်လိုပစ္စည်းကောင်းလေးဖြစ်မှာပါလိမ့်ဟူ၍ပင် တွေးနေခဲ့သေးသည်။ လက်စသတ်တော့ မိမိတို့ကို အဖွဲ့ခွဲပေးမလို့ကိုး!
ထို့နောက်....။
"ဒီနေ့ ငါတို့လေ့ကျင့်မယ့်အကြောင်းအရာက CPR ပေးတာပဲဖြစ်တယ်၊ ငါတို့ ဘာကြောင့်ဒါကိုလေ့ကျင့်ဖို့လိုတာလဲ၊ ယွီကျားယင် ပြောပါဦး။"
"အနီးကပ်တိုက်ခိုက်တဲ့အချိန်မှာ မတော်တဆဖြစ်ဖို့ အရမ်းလွယ်တယ်၊ အသက်အန္တရာယ် ထိခိုက်လာသည်ရှိသော် ဘေးနားက ရဲဘော်ရဲဘက်တွေကိုပဲ အားကိုးနိုင်မယ်၊ ရဲဘော်တွေက အချိန်မှီ သွေးတိတ်အောင်လုပ်နိုင်၊ ပတ်တီးစီးပြီးကယ်တင်နိုင်မှ သေဆုံးတဲ့အရေအတွက်ကိုလည်း လျှော့ချနိုင်မယ်။"
"ပြောတာ မမှားဘူး၊ တိကျပြီးမြန်ဆန်တဲ့ စစ်မြေပြင်အတွင်း အရေးပေါ်ကယ်တင်ခြင်းက ငါတို့စစ်ဆင်ရေးတွေအတွက် သိပ်အရေးပါတယ်၊ အားလုံးကို အထင်အမြင်နက်နက်ရှိုင်းရှိုင်းကျန်နေစေဖို့ အဖွဲ့ခွဲခေါင်းဆောင်က အစီအစဉ်တကျနဲ့ လက်တွေ့သရုပ်ပြလိမ့်မယ်။"