Kiss Husband - 229
အပိုင်း (၂၂၉)
အော်မုန့်ရွှယ်မှာ သူမမိဘများက နိုင်ငံခြားရောက်နေ၍ အချိန်မှီပြန်မလာနိုင်ဟု ပြောခဲ့သဖြင့် ချီကျားယန်အဖေက သူမအား လျှောက်လမ်းမှတစ်ဆင့် ခေါ်လာပေးသည်။
အော်မုန့်ရွှယ်မှာ သူမနှင့် ပို၍ပို၍နီးကပ်လာသောအမျိုးသားအားချစ်မြတ်နိုးစွာ ကြည့်နေသည်။ ဒီကနေ့စပြီး ထိုအမျိုးသားမှာ သူမ၏ တရားဝင်ခင်ပွန်းဖြစ်လာတော့မည်။
လင်ရှီးက ဘာလို့ပေါ်မလာသေးတာပါလိမ့်၊ ဒါမှမဟုတ်.. လာဖို့ကြောက်နေတာလား၊ မီဒီယာတွေမြင်သွားမှာ စိုးရိမ်နေတာလား။
ချီကျားယန်၏မျက်နှာထက်ရှိအပြုံးမှာ တောင့်ခဲနေလေပြီ၊ ထိုအပြုံးနောက်ကွယ်တွင်မူ သည်းမခံနိုင်စွာ စက်ဆုပ်မှုနှင့် ကူကယ်ရာမဲ့မှုတို့ရှိနေလေသည်။
ဒီနေ့ပြီးလျှင် သူ့ထံတွင် လင်ရှီးအကြောင်းတွေးရန် အခွင့်အရေးရှိတော့မည်မဟုတ်။ ဤမဂ်လာခန်းမထဲ သူနှင့်အတူ လျှောက်လှမ်းမည့်သူမှာ လင်ရှီးဖြစ်လိမ့်မည်ဟု သူ နဂိုက စိတ်ကူးယဉ်ထားခဲ့မိ၏။
သူ အော်မုန့်ရွှယ်၏လက်ကို ကိုင်လိုက်သောအခါ သူမကို လင်ရှီးအဖြစ် ပုံဖော်မိသည်။
စတားအင်တာတိန်းမန့်၏ အနုပညာရှင်များမှာ ဘေးချင်းကပ်ထိုင်နေကြရင်း ဇနီးမောင်နှံအသစ်ကို အားကျစွာကြည့်နေကြ၏။
အခမ်းအနားမှူးမှာ ချီကျင့်ယွီအဖြစ် ပြောင်းလဲခံလိုက်ရသည်ကို ချီကျားယန်မြင်လျှင် ရင်တစ်ချက်ခုန်သွားမိသည်။ သူ ဘာလုပ်ချင်နေတာလဲ။
"အားလုံးမဂ်လာပါခင်ဗျာ၊ ကျွန်တော်က ချီကျားယန်ရဲ့ညီ ချီကျင့်ယွီပါ၊ ကျွန်တော် ဒီနေ့ ဒီမှာရပ်ပြီး ကျွန်တော့်အစ်ကိုရဲ့မဂ်လာပွဲမှာ အခမ်းအနားမှူးလုပ်ပေးရတာ သိပ်ဝမ်းသာမိပါတယ်။"
ချီကျားယန်က တိတ်တဆိတ်စိတ်အေးသွားဟန် သက်ပြင်းချလိုက်မိသည်။ တစ်ချိန်တည်းမှာပဲ ချီကျားယန်က ပထမဆုံးအကြိမ် သူတို့ဆက်ဆံရေးကို အသိအမှတ်ပြုလိုက်ခြင်းဖြစ်၍ စိတ်ချမ်းသာသွားရ၏။