အပိုင်း (၂၉၈)
လင်ရှီး ခေါင်းငုံ့ကာ ရေဘူးထဲမှရေသန့်ကို သောက်လိုက်၏၊ ထိုအထဲတွင် သူမ အိပ်ဆေးပမာဏ အတော်များများ ထည့်ထားသည်။
ထို့နောက် မြေပေါ်ရှိ ရစ်ငှက်သားများကို ကောက်ကာ ထိုရေဖြင့် ဖြန်းလိုက်၏။
"ကျွန်မ ယိကျစ်ရဲ့အတိတ်ကိုနားလည်ချင်တယ်။"
သစ်ပင်များထဲရှိ ကင်မရာက ရုပ်ကိုသာဖမ်းနိုင်ကာ အသံမကြားနိုင်သည်ဖြစ်၍ လင်ရှီးက တမင်တကာ အသံတိုးမထားတော့ပေ။
လင်ရှီးက သူ့အတိတ်ကိုနားလည်ချင်တယ်ဟုပြောသည်ကိုကြားသောအခါ ရွှီယိကျစ်၏နှုတ်ခမ်းများ မသိမသာကော့တက်သွား၏၊ သူ့မျက်လုံးထဲရှိ အလင်းပြောက်လေးများမှာ ကောင်းကင်ပေါ်ရှိကြယ်ကလေးများနှင့်ပင် ယှဉ်၍ရနိုင်သည်။
"သူငယ်ငယ်တုန်းက ချူချာတယ်လို့တော့ ကျွန်တော်ကြားဖူးတယ်၊ အဲဒါကြောင့် သူခဏခဏဆေးရုံတက်ရတာလေ၊ပုံမှန်ကလေးတွေက ဘယ်လိုမျိုးဆိုတာလည်း သူ မသိခဲ့ဘူး။"
သူ့စကားကိုကြားလျှင် လင်ရှီး မသိလိုက်စွာဖြင့် အရင်တစ်ခေါက်က ရွှီယိကျစ် ရှောင်နော့အတွက်ဝယ်ပေးခဲ့သော အရုပ်လေးများကို သတိရသွားသည်။ ၎င်းတို့အားလုံးက Alterman, nunchuck များနှင့် တခြားအရုပ်များဖြစ်နေတာ မထူးဆန်းတော့ပေ။ ရွှီယိကျစ်တွင် ငယ်ဘဝမရှိခဲ့ကြောင်း သူမ တွေးမိရုံနှင့်တင် ရင်နာရလေသည်။
"နောက် အသက်ကြီးလာတော့မှ နေမကောင်းဖြစ်တာ တဖြည်းဖြည်းနည်းလာတယ်၊ နောက်ပိုင်း သူ တကယ်သဘောကျတာကို သူ ရှာတွေ့ခဲ့တယ်လေ၊ အဲဒါက..."
သရုပ်ဆောင်တာ။
'သရုပ်ဆောင်တာ'ဟူသည့်စကားကို သူ မပြောရသေးခင်မှာပဲ လှုပ်ရှားသံတစ်ခု ကြားလိုက်ရ၏။
လင်ရှီး၏မျက်လုံးများက သတိကပ်လာသည်။
"ရှူးး။"
လင်ရှီးနှင့် ရွှီယိကျစ်တို့ရှေ့တွင် ဝံပုလွေအနည်းငယ် ပေါ်လာ၏။
အရောင်က မီးခိုးနှင့်အဖြူရောင်ဖြစ်ပြီး ပုံပန်းသဏ္ဍာန်က ခွေးနှင့်ဆင်တူသည်။