အပိုင်း (၂၆၄)
အော်မုန့်ရွှယ် မိမိ၏လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်းနားလည်၏။ ဝမ်စူးဖျင်ရှေ့တွင်ရှိနေသ၍ သူမ မည်သည့်အကျိုးမှရမည်မဟုတ်ပေ။
ချီကျားယန်မှာ အော်မုန့်ရွှယ် အပြစ်ဝန်ခံသည်ကိုမြင်သော် ကိစ္စပြတ်ပြီဟု မှတ်ယူလိုက်၏။
"နောက်ပိုင်း မင်းငါ့အမေကို မလေးမစားလုပ်တာ တွေ့လို့ကတော့ ဘယ်လိုဖြစ်မလဲ မင်းစမ်းကြည့်ကြည့်ပေါ့။"
ထိုအချိန် ယန်ဟွေ့လင်ဝင်လာ၏။
"ကျားယန်၊ မင်း မုန့်ရွှယ်ကို အထင်လွဲနေပြီ၊ ငါ ခုနလေးကတင် ငါ့မျက်လုံးနဲ့မြင်ခဲ့တာ၊ ပန်းကန်ခွဲလိုက်တာ မင်းအမေပါ။"
အော်မုန့်ရွှယ်အား ကာကွယ်ပေးနေပုံပေါ်သော်လည်း အမှန်မှာတော့ ၎င်းက ဝမ်စူးဖျင်နှင့်အော်မုန့်ရွှယ်တို့ကြားက ပဋိပက္ခကို ပို၍ပြင်းထန်စေခြင်းသာဖြစ်လေသည်။
ချီကျားယန် ယန်ဟွေ့လင်ကိုကြည့်လိုက်ပြီး သူ့မျက်လုံးများမှာ မရှင်းလင်းနေ။
"ဒါကျွန်တော်တို့မိသားစုကိစ္စပါ၊ အန်တီ စိတ်ပူပေးစရာမလိုပါဘူး။"
ချီကျင့်ယွီ၏အမေနှင့် ယှဉ်လျှင် သူ မိမိအမေအရင်းကို ပိုယုံကြည်ရန်ဆန္ဒရှိလေသည်။ စကားဆုံးသောအခါ သူ ယန်ဟွေ့လင်ဘေးမှဖြတ်၍ မီးဖိုချောင်မှ ထွက်သွားလိုက်သည်။
အော်မုန့်ရွှယ်မှာ ယန်ဟွေ့လင်အား ကျေးဇူးတင်စွာ ကြည့်လာသည်။
"အန်တီယန်၊ ကျွန်မအတွက်ကူပြောပေးလို့ ကျေးဇူးတင်ပါတယ်။"
ယန်ဟွေ့လင်မှာ ခပ်ဖွဖွပြုံးထားလျက်။
"တစ်မိုးတည်းနေနေကြတာပဲလေ၊ မြင်နေရတာကို ဒီတိုင်းလျစ်လျူရှုပြီး ထိုင်ကြည့်မနေနိုင်ရုံပါ။"
ထို့နောက် သူမ လှည့်ထွက်လာခဲ့၏။
အော်မုန့်ရွှယ် ယန်ဟွေ့လင်၏နောက်ကျောကိုကြည့်ရင်း စိတ်ထဲ တွေးမိသည်၊ ဒီအိမ်တွင် ချီကျင့်ယွီ၏အမေကသာ သူမအပေါ်ကောင်းသည်.. လင်ရှီး၊ ဒါတွေအကုန် နင့်ကြောင့်ဖြစ်ရတာ။