Kiss Husband - 233
အပိုင်း (၂၃၃)
အားလုံးက အော်မုန့်ရွှယ်အား ထူးဆန်းသည့်မျက်လုံးများဖြင့် ကြည့်လာကြသည်၊ သူမကို ထိုသို့သောလူမျိုး ဖြစ်နေလိမ့်မည်ဟု သူတို့ တကယ်ထင်မထားခဲ့ပေ။
လင်ရှီးလက်ထောက်လေး၏မျက်လုံးများထဲ ခပ်မှိန်မှိန်အလင်းရောင်လေး ဖျတ်ပြေးသွားခဲ့သည်။
ချီကျင့်ယွီက နံဘေးရှိမီဒီယာသတင်းထောက်များကို ငဲ့ကြည့်လိုက်ပြီး ဘော်ဒီဂတ်အား တစ်ခုခု တီးတိုးပြောလိုက်၏။
သူကလွဲ၍ အခြားသူများ လျှပ်စစ်ပစ္စည်း(ဖုန်း၊ ကင်မရာ)စသည်တို့ ယူလာခွင့်မပြုဟု သူ အစောကတည်းက ပြောထားပြီးသားဖြစ်၏။ ထင်မထားစွာဖြင့် ဒီမီဒီယာများက ၎င်းကို အခွင့်အရေးယူကြသေးသည်။
"အားနာပါတယ်၊ ဗီဒီယိုရိုက်ဖို့ ခွင့်မပြုပါဘူး၊ ကျွန်တော်တို့ ဒီကင်မရာတွေ ယာယီသိမ်းထားပါမယ်။"
သတင်းထောက်များက သက်ပြင်းချမိကြပြီး ကင်မရာများ အပ်လိုက်ကြရ၏။
"တင်__"
ရွှီယိကျစ်ဖုန်းသို့ ဗီဒီယိုတစ်ခု ပို့လာသည်။
သူ့လက်ထဲ စာရွက်တစ်ခု ကိုင်ထားသော်လည်း အနည်းငယ် စိတ်လွင့်နေချေ၏။ ဖုန်းမြည်လာသည်ကို ကြားသောအခါ ချီကျင့်ယွီ ပို့ထားသည့် ဗီဒီယိုကို ချက်ချင်းပင် သွားကြည့်လေသည်။
ဒီနေ့ လင်ရှီးဝတ်စားပြင်ဆင်ထားပုံကို မြင်ရသောအခါ သူ အနည်းငယ် စိုးရိမ်မိသွားသည်။ သူမ ထိုသို့လုပ်ရသည့်အကြောင်းရင်းက ပရိတ်သက်ကို ဖမ်းစားချင်၍မှန်း သူသိသော်လည်း.... ထိုမျှလှပနေသောလင်ရှီးကို သူများတွေ မမြင်စေချင်ပါ။
သို့သော် လင်ရှီးက အသံသွင်းဘောပင်ဖွင့်လိုက်သည်ကို သူ မြင်ချိန်တွင် သူ့နှုတ်ခမ်းစွန်းများ ကွေးတက်မိသွားသည်။
သူမ ပွဲလာဖျက်ပုံက တမူထူးခြား၏၊ သို့သော် ချီကျားယန်၏ လင်ရှီးကို ကြည့်ပုံများက သူ့ကို အော်ဂလီဆန်စေသည်။
အော်မုန့်ရွှယ်က ပိုက်ဆံကို မနက်ဖြန်မှပေးလို့ရမလားဟု မေးနေစဉ်တွင် လင်ရှီးစိတ်အတွင်းမှသည် အူလှိုက်သည်းလှိုက်ကျိတ်ရယ်နေပြီဖြစ်၏။ သူမ ဒီလောက်အရှက်မရှိသည့်ကိစ္စမျိုး လုပ်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏၊ သို့သော် သူမ အချို့အချက်အလက်များကိုလည်း လှစ်ဟပြနိုင်ခဲ့သည်။ အခြားသူများ မည်သို့တွေးသည်၊ အများအမြင်ကို လမ်းကြောင်းပေးဖို့နှင့် သတင်းများကို ဖုံးဖိထားဖို့က ချီကျင့်ယွီကိစ္စ ဖြစ်သွားပြီ။