အပိုင်း (၂၈၆)
ချီကျင့်ယွီက တစ်ချိန်လုံး လင်ရှီးဘေးတွင်ရှိနေ၏၊ လင်ရှီး မြန်မြန်ပြေးသောအခါ သူလည်း အမြန်လိုက်ပြေးပြီး လင်ရှီး အရှိန်လျှော့လိုက်သောအခါ သူလည်း အရှိန်လျှော့လေသည်။
လင်ရှီးက အသံနှိမ့်၍ပြောသည်။
"ကျင့်ယွီ၊ ရှင်တမင်လုပ်နေတာလား၊ ကျွန်မ ခုနက လီမင်နဲ့ပြေးနေတုန်း ရှင်က ဘာလို့ကြားတိုးဝင်လာရတာလဲ၊ လီမင်က သိပ်ကိုယ်ခံအားမကောင်းတာ ရှင်မမြင်ဘူးလား၊ ကျွန်မ သူ့ကို အားသွားပေးဦးမှ။"
'ချီကျင့်ယွီ'၏မျက်လုံးများ ဖြတ်ခနဲလက်သွား၏။
"ကြည့်ရတာ မရီး ကျွန်တော့်ကောပြောတာ မေ့သွားပြီထင်တယ်။"
"ဘာလဲ၊ ရှင့်ကောက ဘာပြောတာလဲ။"
လင်ရှီးက ရူးချင်ယောင်ဆောင်လိုက်သည်၊ ဘာပဲဖြစ်ဖြစ် ဒီမှာ ရွှီယိကျစ်မှမရှိဘဲလေ။
"ကောပြောတာ၊ မရီး တခြားယောင်္ကျားတွေနဲ့ သိပ်အဆက်အဆံမလုပ်ရဘူး၊ ပြီးတော့ သူတို့ကိုလည်း အများကြီး မကြည့်ရဘူးလို့။"
လင်ရှီး အံ့အားသင့်သွား၏။
"ရှင့်ကောက ဘယ်လိုလုပ် အကုန်လုံးစီစဉ်ထားနိုင်ရတာလဲ၊ မဟုတ်သေးဘူး.. သူက ရှင့်ကို ဘာလို့ဒါတွေတောင် ပြောထားရတာလဲ၊ ကျွန်မသိသွားပါပြီ ရှင့်ကောက မြေခွေးကြီးပဲ၊ ကြားကောင်းအောင် ပြောရမယ်ဆို သူက ဒီစစ်စခန်းမှာ ကျွန်မကိုကူညီဖို့ ရှင့်ကိုလွှတ်လိုက်တာ၊ အမှန်ပြောရမယ်ဆိုရင်တော့ ကျွန်မကို စောင့်ကြည့်ဖို့ပဲ။"
'ချီကျင့်ယွီ'၏ မျက်လုံးထဲ အပြစ်ရှိရိပ်များဖြတ်ပြေးသွားသည်။
"အဲဒါက... အဲ့လိုမဟုတ်ပါဘူး၊ ကောက တကယ် မရီးကို ကူညီပေးဖို့ပဲ ကျွန်တော့်ကိုလွှတ်လိုက်တာပါ။"
"ရှင်းပြစရာမလိုပါဘူး၊ ရှင်းပြတာက ဝန်ခံနေတာပဲ၊ ကျွန်မ အမြန်ပြေးတော့မယ်၊ ရှင်တစ်ယောက်တည်း ဖြည်းဖြည်းလေးပြေးပြီးကျန်နေခဲ့!"
စကားဆုံးသည်နှင့် လင်ရှီး အရှေ့သို့ပြေးတက်သွားတော့သည်။