အပိုင်း (၂၉၁)
လင်ရှီးမှာ 'ချီကျင့်ယွီ'ကို သူ့ဆံပင်မှတစ်ဆင့် ကြည့်လိုက်သည်၊ သူမ ချီကျင့်ယွီကိုတော့ သေချာပေါက် မရွေးချင်ပါချေ၊ ဒီဗီဒီယိုတစ်ဖြတ်သာ လွှင့်လိုက်လျှင် ရွှီယိကျစ် ပထမဆုံး သွားရိုက်မည့်လူမှာ ချီကျင့်ယွီဖြစ်သည်ဟု ခန့်မှန်းရသည်၊ သူမ ဒီကိစ္စကြောင့်နှင့်တော့ ချီကျင့်ယွီကို 'သွေးထွက်သံယို'ဖြစ်မသွားစေချင်ပါ။
သူမအကြည့်များကို ယွီကျားယင်ဆီသို့ ရွှေ့လိုက်သောအခါ 'ချီကျင့်ယွီ'၏မျက်လုံးများ နက်မှောင်သွား၏၊ ဘာလို့သူ့ကိုမရွေးရတာလဲ။
ယွီကျားယင်နှင့် လီမင်တို့က တကယ်ခွဲရလွယ်သည်။ လီမင်က ယွီကျားယင်ထက် အရပ်နည်းနည်းပိုရှည်၏။
လင်ရှီး တိတ်တိတ်လေးစဉ်းစားလိုက်သည်။ ဒီယွီကျားယင်က အေးစက်လွန်း၏၊ အရင်တစ်ခေါက်က 'ကြယ်ပွင့်များနှင့်ကခုန်ခြင်း'အစီအစဉ်တွင် အတူပါဝင်ခဲ့သော်လည်း ပြောဆိုဆက်ဆံမှု သိပ်မရှိခဲ့ပေ၊ သူက စကားပြောရတာလည်း သိပ်ကြိုက်ပုံမပေါ်၊ ထားပါတော့လေ။
ပြီးနောက် သူမအကြည့်များကို လီမင်ဆီ ရွှေ့လိုက်သည်။ လီမင်က နွေးနွေးထွေးထွေးဖြင့် သွက်လက်သောကောင်လေးတစ်ယောက်ဖြစ်၏။ 'မင်းဘေးနားက Idol' အစီအစဉ်တွင် အတူပါဝင်ခဲ့ကြစဉ်က သူမကိုလည်း ဂရုစိုက်ပေခဲ့ဖူးသည်။
ရှန်ပင်းချန့်မှာ မကျေမနပ်ဖြစ်လျက်။ သို့သော် သူမ အနည်းငယ် မျှော်လင့်နေမိသည်။ အမှန်တော့ သူမ ယောင်္ကျားလေးနှင့်တစ်တွဲ ကျလို၏၊ သူတို့ ၃ ယောက်ထဲက ဘယ်တစ်ယောက်ပဲဖြစ်ဖြစ် အဆင်ပြေသည်။ လီမင်က သူမထက် အနည်းငယ် အသက်ငယ်သော်လည်း ပြည်သူ့အချစ်တော်အသားတုံးလေးပင်၊ လမ်းကြုံ သူ့လူကြိုက်များမှုကိုပါ နည်းနည်းယူအသုံးချလို့ရသေးသည်။ အကယ်၍ ယွီကျားယင်သာဆိုလျှင် သူက ကြည့်ရတာ နည်းနည်းအေးတိအေးစက်နှင့် စကားပြောရတာမကြိုက်ပုံရသော်လည်း သူ့ရုပ်ရည်က သိပ်မဆိုးပေ၊ ချီကျင့်ယွီဆိုလျှင်တော့ သေချာပေါက် အကောင်းဆုံးဖြစ်သည်၊ ဒီဒုဥက္ကဌဆိုတဲ့ တောင်မြင့်ကြီးကိုသာ တွယ်တက်နိုင်ခဲ့ရင် နောက်ကျ 'ယိလင်'မှာ သူမက အဆက်အသွယ်မရှိဘဲ နေပါတော့မလား။