အပိုင်း (၂၅၉)
ဖေရှန်း၏မျက်နှာက ဖြည်းဖြည်းချင်း တင်းမာလာပြီး လေထုမှာ တောင့်တင်းနေပုံပေါ်သည်။ အချိန်အတော်ကြာပြီးမှ သူမပြောလာ၏။
"ဒီတစ်ခေါက်ပဲနော်၊ နောက်ဆိုရင် ခြွင်းချက်မထားဘူး"
လင်ရှီး စိတ်လှုပ်ရှားစွာ လက်ခုပ်ထတီးလိုက်ပြီး လေပေါ်လွင့်သွားတော့မည့်အလား။
"ဒါပေမယ့် ရှင်မှတ်ထားရမယ်၊ အနာဂတ်မှာ ကျွန်မမသိဘဲ ဆုံးဖြတ်ရင် ကျွန်မ ရှင့်အေးဂျင့်မလုပ်တော့ဘူး။"
ဖေရှန်း ထိုသို့လေးနက်သောစကားများပြောသည်ကို ကြားသောအခါ လင်ရှီး ရင်ထဲ တုန်လှုပ်သွားမိသည်။ ကိစ္စသေးသေးလေးပဲကို စုန်းမကြီးက အလွန်စိတ်ဆိုးနေသေးသည်။ သူမသာ မိမိ၏အခြားလျှို့ဝှက်ချက်များကိုရှာတွေ့သွားပါက...။
လင်ရှီး ထပ်မတွေးရဲတော့ဘဲ ခပ်သာသာခေါင်းညိမ့်လိုက်၏။
"သိပါပြီဖေကျဲ၊ ကျွန်မ နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး"
ပြတင်းပေါက်အပြင်သို့ကြည့်ရင်း လင်ရှီးမှာ စိတ်ပူနေ၏။
"ဖေကျဲ အချိန်လည်းနောက်ကျနေပြီ၊ ကျွန်မ ပြန်လိုက်ပို့ပေးမယ်လေ။"
"ဘာတွေလောနေတာတုန်း၊ ကျွန်မ ရှင့်အိမ်အတွင်းပိုင်းကို မစစ်ရသေးဘူးလေ!"
လင်ရှီစ၏နှလုံးသားလေးမှာ တမုဟုတ်ချင်းပင် လည်ချောင်းဝသို့ ခုန်တက်သွားပြီး ရွှီယိကျစ်တို့ ပုန်းပြီးလောက်ပါစေဟု မျှော်လင့်နေမိသည်။
"ရှင့်အဝတ်အစားအခန်းနဲ့ အိပ်ခန်းကို ပြပါဦး။"
နာမည်ကြီးသရုပ်ဆောင်တစ်ယောက်၏ မန်နေဂျာအနေဖြင့် သူမ လင်ရှီး၏ ရှုထောင့်တိုင်းကို ဂရုစိုက်ပေးသင့်သည်။ ဤသည်မှာ မန်နေဂျာတစ်ယောက်အနေဖြင့် သူမ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ပင်ဖြစ်လေသည်။
အဝတ်အစားခန်း? ငါ့မှာ အဝတ်အစားခန်း ရှိလို့လား?
မဟုတ်သေး၊ ကြည့်ရတာ.. ကြည့်ရတာ သူမတွင် အဝတ်အစားခန်း ရှိပုံပေါ်သည်။ ယခင်ဘဝက သူမ ရွှီယိကျစ်နှင့်လက်ထပ်ပြီး သိပ်မကြာခင်တွင် ယိကျစ် သူမအား တစ်ခေါက်ပြောပြဖူးသည်ကို သူမ မှတ်မိသည်၊ သို့သော် ထိုအချိန်က သူမ ယိကျစ်၏နှလုံးသားကို နားမလည်ခဲ့ပေ၊ သို့နှင့် သူမ သိပ်စိတ်ထဲမထားဖြစ်ခဲ့။ ပြန်လည်မွေးဖွားလာပြီးနောက် သူပြောထားတဲ့ အဝတ်အစားခန်းကို အိမ်၌ တွေ့မိပုံမပေါ်ပေ!