Kiss Husband - 221
အပိုင်း (၂၂၁)
ထိုအမျိုးသမီးက ဆက်လက်၍ မာနထောင်လွှားစွာဖြင့် ကျိုးကြောင်းမသင့် ပြောလေသည်။
"ကျွန်မ ရှင်တို့ကိုပြောနေတာ၊ ရှင်တို့ ဒီနေ့ နည်းနည်းပါးပါးစိတ်ရင်းလေးနဲ့ မတောင်းပန်လို့ကတော့ ကျွန်မ ကလေးအဖေကို ခေါ်လိုက်မယ်။"
စူးကျစ်ယန်က သခင်ကြီးကိုကြည့်လိုက်လျှင် သူ့မျက်နှာကလည်း အင်မတန်မည်းမှောင်နေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။
သူတို့နှင့် ဤမျှယုတ္တိမတန်စွာပြဿနာရှာရဲသူကို တွေ့ဖူးခြင်းမှာ ပထမဆုံးအကြိမ်ပင်။
"ရှင်ပြောတာနော်၊ ကျွန်မတို့ ဘယ်လိုစိတ်ရင်းပြပေးရမလဲ။"
စူးကျစ်ယန်က တည်ငြိမ်နေပုံပေါ်၏။
"အရင်ဆုံး ကျွန်မသားကို တောင်းပန်ပါ။"
ထိုအမျိုးသမီး၏စကားဆုံးသည်နှင့် ရှောင်နော့က မော့ကြည့်လာသည်။
"အမှားလုပ်တဲ့သူကပဲ တောင်းပန်ရမယ်လို့ မေမေပြောတယ်၊ ရှောင်နော့ ဘာအမှားမှလုပ်မထားပါဘူး။"
ထိုအမျိုးသမီးက ရှောင်နော့အား မတူမတန်သလိုကြည့်လာ၏။
"ငါ့သားကို ရိုက်နှက်ပြီးတာတောင် ဘာအမှားမှမလုပ်ထားဘူးလို့ ပြောရဲသေးတယ်ပေါ့၊ ဘာယဉ်ကျေးမှုမှမရှိဘူးပဲ၊ ဆရာမကျန်း ရှင်တို့ အဆင့်မြင့်မူကြိုက ဒီလိုကလေးတွေကိုလည်း လက်ခံသေးတာလား "
ထိုအမျိုးသမီး၏ဆိုလိုရင်းကို နားလည်သွားသောအခါ ဆရာမကျန်းလည်း အလွန်ရှက်သွားမိသည်။
"ယန်ဖေးမေမေ၊ ဒါက ကျောင်းက ရွေးထားတာပါရှင်၊ ကျွန်မတို့မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး။"
"ဒါဖြင့်လည်း ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူကို သွားရှာလေ၊ ကျွန်မ ဒီမှာပဲစောင့်နေမယ်။"
ထိုအခါမှသာ စူးကျစ်ယန်နှင့်သခင်ကြီးတို့က သူမ ဆိုလိုသည့်အဓိပ္ပာယ်ကို နားလည်သွားကြသည်၊ အဲဒီအမျိုးသမီးက သူတို့ရှောင်နော့လေးကို ကျောင်းထုတ်စေချင်နေတာပဲ၊ အဲ့လို ရရိုးလား။