အပိုင်း (၂၉၇)
နှင်းကျနေစဉ်က လင်ရှီးသည် နှင်းကြောင့် မီးမငြိမ်းသွားလောက်ဘူးလားဟု မေးချင်ခဲ့သော်လည်း နှင်းကျတာရပ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။
လင်ရှီး အဖွဲ့ခေါင်းဆောင်ဆီ မီးခြစ်ကမ်းပေးလိုက်သည်။
"ဖျောက်__"
အေးစက်စက်ရာသီဥတုထဲ ဖြည်းဖြည်းချင်း မီးလင်းလာ၏။ အဆုံးတွင်တော့ လူများကို နွေးထွေးစေနိုင်သည့်အပူချိန် ရှိလာပြီဖြစ်သည်။
"အခု ငါတို့ အဖွဲ့သုံးဖွဲ့ခွဲမယ်၊ လင်ရှီးနဲ့ချီကျင့်ယွီက အမဲလိုက်ထွက်ဖို့ ငါ့နောက်လိုက်ခဲ့၊ ယွီကျားယင်နဲ့ လီမင်တို့က အဖွဲ့ခွဲခေါင်းဆောင်နောက်လိုက်ပြီး ထင်းခြောက်သွားရှာကြ၊ ရှန်ပင်းချန့်နဲ့ ပင်းယန်ယန်ကတော့ ဒီမှာ မီးပုံနဲ့ပစ္စည်းတွေ စောင့်ကြည့်ထားဖို့ တာဝန်ယူ၊ ကဲ သွားကြမယ်။"
ရွှီယိကျစ်မှာ အဖွဲ့ခေါင်းဆောင်က မိမိနှင့်လင်ရှီးတို့အား တစ်ဖွဲ့တည်းထားလိုက်သည်ကိုကြားသောအခါ သူ့စိတ်ထဲတိတ်တိတ်ကလေး ပျော်မိသွားသည်။
"အဖွဲ့ခေါင်းဆောင်၊ ဒီတောင်ပေါ်မှာ နှင်းတွေအပြည့်ဖြစ်နေတာ၊ ဧကန္တကျွန်မတို့ မလာခင်တည်းက နှင်းကျထားပြီးသားလား။"
လင်ရှီးက စပ်စုစွာမေးသည်။
"ဟုတ်တယ်။"
"အဖွဲ့ခေါင်းဆောင်၊ ရှင်တို့သေရေးရှင်ရေးအတွက် လေ့ကျင့်ရေးက အကုန်ဒီလိုမျိူးတွေပဲလား။"
အဖွဲ့ခေါင်းဆောင်က သူမကို တစ်ချက်ကြည့်လိုက်သည်။
"ဟေ့၊ တကယ့်လေ့ကျင့်ရေးက မင်းတို့ထက် အများကြီးပိုအန္တရာယ်များတယ်၊ ရက်လည်းရက်စက်တယ်၊ ဒီမီးမွှေးတာကိုပဲ ပြောရမယ်ဆိုရင် ငါတို့က ဘယ်လိုလုပ် မီးခြစ်ယူလာပြီး မီးမွှေးလို့ရမှာလဲ၊ တောထဲတောင်ထဲမှာ သုံးလို့အဆင်ပြေဆုံးက သစ်သားကိုသုံးပြီး မီးမွှေးတာပဲ၊ နောက်ပြီးတော့ ဒီသောက်ရေ၊ ငါတို့မှာ ဘယ်က သောက်ရေသန့်ရမှာလဲ၊ အကုန် ရေခဲကိုမှ ရေသန့်စင်တဲ့ပစ္စည်းတစ်ခုနဲ့ ထုတ်ပြီးရေယူကြရတာပဲ၊ ငါတို့အမြင်မှာတော့ မင်းတို့ဒီဟာက အပျော်ဆော့နေတဲ့အတိုင်းပဲလေ။"