Part 29 (Z)

934 31 0
                                    

အပိုင်း - ၂၉

ကိုဟိန်း ပေးလာသည့် အချက်လက်တွေကို ကြည့်ရင်း မြတ်သော နှုတ်ခမ်းလေး ကွေးတက်နေအောင် ပြုံးလိုက်သည်။ ကိုဟိန်းက ထိုင်းအမျိုးသမီးလေးနဲ့ အိမ်ထောင်ကျပြီး ဒီနိုင်ငံကို အတော်လေးရင်းနီးနေပြီ။ ထို့ကြောင့် မြတ်သော လိုချင်သည့် အချက်လက်တွေက ချက်ချင်းဆိုသလို လက်ထဲရောက်လာပါ၏။ နယ်ခံရှိနေသည့်အချက်ကလည်း လိုချင်တာတွေ မြန်မြန်ရဖို့ အားသာချက်ပါပင်။

မြတ်သောနဲ့ ကိုဟိန်းတို့ ပတ္တယားမြို့ထဲက ကော်ဖီဆိုင်လေးတစ်ခုမှာ ရောက်နေကြပါသည်။ မြတ်သောက ဒီကကိစ္စတွေ လက်စမသတ်ရသေး။ ထို့ကြောင့် ကိုဟိန်းက အချက်လက်တွေကို ကိုယ်တိုင်ကိုယ်ကျ ယူလာပေးပါ၏။

"မြတ်သော"

ကိုဟိန်းက မြတ်သောကို သက်ပြင်းချရင်း ကြည့်လာခဲ့သည်။

"အင်း.. ပြောလေ ကိုဟိန်း"

"ဘာပဲ ဖြစ်ဖြစ် မြတ်သောရယ်.. သူက မင်းရဲ့ ဦးငယ်ပဲလေ.. ပြီးတော့ မဆိုင်တဲ့ ကောင်လေးကို ဘာလို့ ဒုက္ခပေးမှာလဲ"

"အဟက်.. ကိုဟိန်း.. ဦးမျိုးက လူကောင်းမှ မဟုတ်တာ.. သူ့နဲ့ ထိုက်တန်တာကို သူ လက်ခံရမှာပေါ့"

"သူ လူကောင်း ဟုတ်တယ် မဟုတ်ဘူးဆိုတာ သူ့ရဲ့ သမိုင်းပါ.. မင်းက ဘာလို့ လိုက်ပြီး မိုက်မဲချင်ရတာလဲ မြတ်သောရယ်"

မြတ်သော ခေါင်းခါလိုက်သည်။ ဦးမျိုးကြောင့်သာ မဟုတ်ရင် တစ်ဦးတည်းသော ညီမလေးကို မြတ်သော ဆုံးရှုံးရမှာ မဟုတ်။ ဖေဖေနဲ့ မေမေက မြတ်သောကို ထိုအကြောင်းရာအား မေ့ခိုင်းခဲ့ပြီး သူတို့ကိုယ်တိုင်ကလည်း ညီမလေးကို မေ့ပစ်လိုက်သည်။ သို့တိုင် မြတ်သောကတော့ မမေ့နိုင်ပါ။

ကောင်းမြတ်သော နဲ့ မွန်မြတ်သော ဆိုတာ အမွှာတွေ။ ပျော်စရာကောင်းသည့် မြတ်သောတို့ မိသားစုလေး။ ဦးမျိုးကြောင့်သာ မဟုတ်ရင် ညီမလေးမွန်မြတ်က သေဆုံးစရာမရှိ။ ဟုတ်သည်။ ဦးမျိုးကြောင့်။ ညီမလေး သေဆုံးခဲ့ရတာပင်။

မြတ်သော (၁၀) နှစ်သားမှာ ပျော်စရာကောင်းသည့် နေ့ရက်တွေကို စွန့်လွှတ်ခဲ့ရသည်။ ဦးမျိုးနဲ့ လိုက်ပါသွားသည့် ညီမလေးက ပျောက်သွားခဲ့ပါ၏။ အပြင်ကိုလည်ချင်သည့် ညီမလေးအား ဦးမျိုးက ခေါ်ထုတ်သွားခဲ့သည်။ သို့သော် ပြန်လာချိန်မှာတော့ မွန်မြတ်က ပြန်ပါမလာတော့ပါ။ (၃) ရက်အကြာမှာတော့ ညီမလေး၏ အလောင်းကိုသာ ပြန်ရခဲ့သည်။ ဦးမျိုးသာ ခေါ်မသွားရင် ညီမလေးက ပျောက်သွားခဲ့မှာမဟုတ်။ မသေဆုံးခင်မှာ ညီမလေး ခံစားခဲ့ရမည့် အတွေ့အကြုံတွေက ဘယ်လောက်တောင် ကြောက်စရာကောင်းနေခဲ့မလဲ။ မြတ်သော တွေးကြည့်ရုံနဲ့ ရင်တွေပူလာရသည်။

နွမ် (Completed)Место, где живут истории. Откройте их для себя